အတိုက်အခံပါတီခေါင်းဆောင်အဖြစ်မှ ဆိုနီယာဂန္ဒီ အနားယူမည်ဟု ထုတ်ပြန်ကြေညာ


နယူးဒေလီ ဒီဇင်ဘာ ၁၅

အိန္ဒိယနိုင်ငံမှ အဓိက အတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ရာထူးမှ အနားယူမည်ဖြစ် ကြောင်း ဆိုနီယာဂန္ဒီက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာသည်။ ဂန္ဒီ၏ သားဖြစ်သူ ရာဟူးဂန္ဒီသည် ပါတီ ခေါင်းဆောင် ရာထူးကို ဒီဇင်ဘာ ၁၆ ရက်တွင် လွှဲပြောင်း ရယူပြီးသည့်အခါ ပါတီခေါင်းဆောင်ရာထူးမှ အနားယူ မည်ဟု ဆိုသည်။

အသက်(၇၁)နှစ်ရှိ အီတလီနိုင်ငံဖွား နိုင်ငံရေးသမား ဆိုနီယာဂန္ဒီက မိမိ၏ လတ်တလောအနေအထားမှာ ပါတီခေါင်းဆောင်အဖြစ်မှ အနားယူတော့မည့်အနေ အထားဖြစ်ကြောင်း နယူးဒေလီတွင် မီဒီယာများသို့ ပြောကြားသည်။ အိန္ဒိယနိုင်ငံ၏ သက်တမ်းရင့်အတိုက် အခံပါတီကြီး၏ အနာဂတ်ဦးဆောင်မှုအခန်းကဏ္ဍကို ဆိုနီယာဂန္ဒီက ဆက်လက်ရယူဖွယ်ရှိသည်ဆိုသော ထင်ကြေးပေးမှုများ အဆုံးသတ်သွားပြီဖြစ်သည်။

ပါတီခေါင်းဆောင်ရာထူးကို စွန့်ခွာတော့မည့် ဆိုနီယာ ဂန္ဒီ၏သား အသက်(၄၇)နှစ်ရှိရာဟူးဂန္ဒီသည် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်းကပင် ကွန်ဂရက်ပါတီ၏ ထိပ်တန်းခေါင်းဆောင်မှုနေရာ၌ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားလာခဲ့သည်။ လက်ရှိကာလတွင် ပါတီခေါင်းဆောင် ရာထူးအား ၎င်းကို လွှဲအပ်ရန် အသင့်ရှိနေပြီဟုဆိုသည်။

ရာဟူးဂန္ဒီသည် ပါတီခေါင်းဆောင်ရာထူး၌ တာဝန် ထမ်းဆောင်ရန် လွန်ခဲ့သည့် ငါးရက်က ရွေးချယ်တင်မြှောက် ခံခဲ့ရပြီးနောက် မိခင်ကြီးထံမှ ရာထူးလွှဲပြောင်းရယူမှုကို ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ကွယ်လွန်သူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၏ ဇနီး ဆိုနီယာဂန္ဒီသည် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ကျန်းမာရေးချို့ယွင်းလာခဲ့ပြီး ကြိမ်ဖန်များစွာ ဆေးရုံတက် ကုသမှုများခံယူခဲ့ရသည်။

၂ဝ၁၁ ခုနှစ် အတွင်းကလည်း ဆိုနီယာဂန္ဒီသည် လူသိမခံသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ရပ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့သွားရောက်ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

၁၉၄၇ ခုနှစ် ဗြိတိသျှကိုလိုနီအုပ်စိုးသူများထံမှ လွတ်လပ်ရေးရရှိခဲ့သည့် အိန္ဒိယနိုင်ငံ၏ သက်တမ်း တစ်လျှောက်တွင် နေရူး-ဂန္ဒီအုပ်ချုပ်ရေးမျိုးဆက်၏ သက်တမ်းရှည်အုပ်ချုပ်ရေးကာလ၏ အချိန်ကာလ အများစုကို ဆိုနီယာဂန္ဒီက ကွန်ဂရက်ပါတီ၏ ခေါင်းဆောင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။

ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်မှုနေရာတွင် သက်တမ်း နှစ် ၃ဝ ကြာ ထမ်းဆောင်ခဲ့သည့် ဆိုနီယာဂန္ဒီ သည် ၂ဝ၁၄ ခုနှစ်အတွင်းက ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်သည့် ဘီဂျေပီပါတီအား ရှုံးနိမ့်ခဲ့ရသည်။

ဆင်ဟွာ
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အတိုက်အခံပါတီခေါင်းဆောင်အဖြစ်မှ ဆိုနီယာဂန္ဒီ အနားယူမည်ဟု ထုတ်ပြန်ကြေညာ အတိုက်အခံပါတီခေါင်းဆောင်အဖြစ်မှ ဆိုနီယာဂန္ဒီ အနားယူမည်ဟု ထုတ်ပြန်ကြေညာ Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.