မူဆလင် ၆ ဦးကို ကျောက်ဖြူမှ ပြည်မြို့သို့ ပို့ဆောင်ရန် ကျပ်သိန်း ၂၀ ဖြင့် လက်ခံခဲ့ဟု ဆို


စစ်တွေ၊ ဒီဇင်ဘာ ၂၉ ရက်။ ဖမ်းဆီးခံထားရသည့် ကြေးမုံသတင်းထောက် ဦးစောမိုးကျော်မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ မူဆလင် ၆ ဦးကို ပြည်မြို့သို့ ပို့ဆောင်ရန် ကျပ်သိန်း ၂၀ ဖြင့် လက်ခံခဲ့သည်ဟု ရဲအစီရင်ခံစာအရ သိရသည်။

အစီရင်ခံစာတွင် ဖော်ပြချက်အရ သတင်းထောက် ဦးစောမိုးကျော်မှာ ထို ကယ်ဆယ်ရေး စခန်းသို့ တစ်လတစ်ကြိမ် သတင်းသွားရောက် ရယူနေသူဖြစ်ပြီး ၎င်းနှင့် ရင်းနှီးသူ ကယ်ဆယ်ရေးစခန်းမှ ဦးမောင်လှက ရန်ကုန်မြို့သို့ သွားရောက်လိုသည့် မူဆလင် (အစီရင်ခံစာတွင် ဘင်္ဂလီဟု ဖော်ပြထား) များရှိနေပြီး ပြည်မြို့ထိ လိုက်ပို့ပေးစေလိုကြောင်း ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

ယင်းနောက် လိုက်ပါလိုသည့် မူဆလင် ၆ ဦးတွင် မျိုးလွင်ဆိုသူအား ကျပ် ၃ သိန်းဖြင့် လည်းကောင်း၊ ဇေယျာထွန်းဝင်းနှင့် မခင်နှင်းဝင်းတို့ နှစ်ဦးအား ကျပ် ၁၀ သိန်းဖြင့် လည်းကောင်း၊ မစုစုထွေးနှင့် ၎င်း၏ သမီးဖြစ်သူ ၂ ဦးတို့အတွက် ကျပ် ၇ သိန်းဖြင့် လည်းကောင်း မူဆလင် ၆ ဦးအတွက် စုစုပေါင်း ကျပ်သိန်း ၂၀ ကို သယ်ဆောင်ခငွေအဖြစ် သတင်းထောက် စောမိုးကျော်က လက်ခံရယူခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို မူဆလင် ၆ ဦးနှင့် သတင်းထောက် ဦးစောမိုးကျော်တို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ဥသျှစ်ပင်စခန်းတပ်ဖွဲ့ဝင်များနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (တပခ-၅) မှ တပ်ဖွဲ့ဝင်များနှင့် အတူ ပိတ်ဆို့၍ ဖမ်းဆီးခဲ့သည်ဟု ထိုအစီရင်ခံစာအရ သိရသည်။

ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ပြီးနောက် သတင်းထောက်ဦးစောမိုးကျော်ကို (ပ) ၂၁၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ထားသလို မူဆလင် ၆ ဦးအား ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေပုဒ်မ ၆(၂)၆(၃) ဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ရန် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သတင်းထောက် ဦးစောမိုးကျော် ဖမ်းဆီးခံရစဉ်မှာ ၎င်းနှင့်အတူပါရှိသော ကြေးမုံ သတင်းထောက်ကဒ်အရ ကဒ်သက်တမ်းမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဟု သိရသော်လည်း ဒီဇင်ဘာလ ၂၈ ရက်နေ့ ကြေးမုံသတင်းစာ၏ ထုတ်ပြန်ချက်အရ ဦးစောမိုးကျော်မှာ ကြေးမုံသတင်းထောက်မဟုတ်ဘဲ ၎င်းအား ဇူလိုင်လ ၇ ရက်နေ့ ၂၀၁၇ ခုနှစ်ကတည်းက မြို့နယ်သတင်းထောက်အဖြစ် ရပ်ဆိုင်းထားသူဖြစ်ကြောင်း သိရသည်။

RiA
http://www.rootagency.info/
မူဆလင် ၆ ဦးကို ကျောက်ဖြူမှ ပြည်မြို့သို့ ပို့ဆောင်ရန် ကျပ်သိန်း ၂၀ ဖြင့် လက်ခံခဲ့ဟု ဆို မူဆလင် ၆ ဦးကို ကျောက်ဖြူမှ ပြည်မြို့သို့ ပို့ဆောင်ရန် ကျပ်သိန်း ၂၀ ဖြင့် လက်ခံခဲ့ဟု ဆို Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.