မိန်းကလေးငယ်တစ်ဦးကို သတ်၍ မီးရှို့စွန့်ပစ်ခဲ့သည့် ပြစ်မှုကျူးလွန်သူနှစ်ဦး ဖမ်းဆီးရမိ


ကျိုင်းတုံ ဒီဇင်ဘာ ၂၆

မိန်းကလေးငယ်တစ်ဦးကို သတ်၍ ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-လွိုင်မွေ ကားလမ်း မိုင်တိုင်အမှတ် ၈/၄ ကျိုင်းတုံမြို့မှ ၈ မိုင် ၄ ဖာလုံခန့်အကွာ လမ်း၏ ဝဲဘက်၊ အနက် သုံးပေခန့်ရှိ ချောက်အတွင်းသို့ စွန့်ပစ်ကာ အလောင်းကို မီးရှိုထားသည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၂၂ရက်က ဖြစ်ပွားခဲ့ပြီး အဆိုပါ ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို ကျိုင်းတုံမြို့မရဲစခန်းမှ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

အသတ်ခံရသူ အမျိုးသမီးသည် အသက်(၂ဝနှစ်)ခန့်ရှိပြီး ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာအုပ်စု ဝင်းဘိုလမ်းခွဲကျေးရွာမှ မအေဘီလ ဆိုသူဖြစ်ပြီး ကျိုင်းတုံ မြို့ အမှတ်(၄)ရပ်ကွက် ဝပ်အင်းရပ်၌ တစ်ဦးတည်း နေထိုင်ကြောင်း သိရသည်။

အခင်းဖြစ်သည့်နေ့ ဒီဇင်ဘာ ၂ဝ ရက်၌ မအေဘီလသည် ဆိုင်ကယ်တစ်စီး ငှားရမ်း၍ ရပ်ကွက်(၄) ပေါက်တိုက်ရပ်ရှိ စိုးလွင်၏နေအိမ်သို့ ငါးကင်သွားပို့ရာ ယင်းနေအိမ်တွင် စိုးလွင်နှင့်အတူ စိုင်းရှဲန်(ခ)အိုက်ပီး ရှိနေပြီး မအေဘီလ ရောက်ရှိ ချိန်တွင် စိုးလွင်က စိုင်းရှဲန်အား နေအိမ်အိပ်ခန်းတစ်ခု၌ ပုန်းအောင်းခိုင်းခဲ့သည်။ မအေဘီလက ငါးကင်ပေးပြီး ပြန်မည်ပြုစဉ် စိုးလွင်က အိပ်ခန်းအတွင်း ဆွဲခေါ်ရာ မအေဘီလသည် ရုန်းကန်ကာအော်ဟစ်မည်ပြု၍ လည်ပင်းညှစ်ကာ နံရံ၌ ဦးခေါင်းကို ရိုက်ခဲ့ပြီး လဲကျစဉ် လည်ပင်းကိုခြေဖြင့် နင်းခဲ့ကြောင်း၊ ထိုစဉ် စိုင်းရှဲန်လည်း အခန်းတွင်း ဝင်လာပြီး ဝိုင်းဝန်းတက်နင်းခဲ့သဖြင့် မအေဘီလ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ စိုးလွင်၏ ထွက်ဆိုချက်အရ သိရသည်။

ထို့နောက် ၄င်းတို့နှစ်ဦးသည် မအေဘီလ စီးလာသည့်ဆိုင်ကယ်ဖြင့် အလောင်း ကို လွိုင်မွေလမ်းသို့ သယ်ဆောင်စွန့်ပစ်ပြီး ပါလာသည့် ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ ထားခဲ့ကြောင်း၊ အခင်းဖြစ်စဉ် မအေဘီလ စီးခဲ့သည့်ဖိနပ်ကို အခင်းဖြစ်အရပ်အနီးရှိ ခြံဝင်း၌ စွန့်ပစ်ပြီး ဆိုင်ကယ်ကို ငွေကျပ် ၁ဝ သိန်းဖြင့် ပေါင်နှံထားခဲ့ကြောင်း ဆက်လက်ထွက်ဆိုသည်။

ပြစ်မှုကျူးလွန်သူ စိုးလွင်ကို ကျိုင်းတုံမြို့၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိပြီး စိုင်းရှဲန်ကို သာစည်မြို့၌ ယနေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုင်းတုံ မြို့မရဲစခန်းမှ သေဆုံးသူ လက်၌ ကျန်ရစ်သည့် အသည်းနှလုံးပုံ လက်စွပ်မှ သေဆုံးသူ၏ နေရပ်နှင့်အခြားကွင်းဆက် များ စုံစမ်းရရှိပြီး ပြစ်မှုကျူးလွန်သူများကို ရက်သတ္တတစ်ပတ်အတွင်း ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိန်းကလေးငယ်တစ်ဦးကို သတ်၍ မီးရှို့စွန့်ပစ်ခဲ့သည့် ပြစ်မှုကျူးလွန်သူနှစ်ဦး ဖမ်းဆီးရမိ မိန်းကလေးငယ်တစ်ဦးကို သတ်၍ မီးရှို့စွန့်ပစ်ခဲ့သည့် ပြစ်မှုကျူးလွန်သူနှစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.