မူဆယ်မြို့နယ် မုံးပေါ်အထကခွဲမှ ကျောင်းသားများ ဆော့ကစားရာမှ မိုင်းပေါက်ကွဲ၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် မုံးပေါ် အထက(ခွဲ) ကျောင်းမှ မူလတန်းကျောင်းသား(၅)ဦး ဒီဇင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းက ကျောင်းမှပြန်လာစဉ် ခဲများဖြင့် ပစ်ပေါက်ဆော့ကစားလာရာမှ လမ်းဘေးရှိ မိုင်းအား ထိမှန်ပေါက်ကွဲ၍ (၁)ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ဒီဇင်ဘာ(၁၉)ရက်နေ့ ညနေ (၄)နာရီ ဝန်းကျင်ခန့်အချိန်မှာ ကလေးတွေက ကျောင်းဆင်းပြီးတော့ ပြန်အလာ ဟိုနားကျေးရွာနဲ့ မန်ကျပ်ရွာအကြားမှာ ထောင်ထားတဲ့ မိုင်းတစ်လုံးကို ခဲနဲ့ပစ်မိရာက ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ခဲနဲ့ပစ်လိုက်တဲ့ တတိယတန်းက ကလေးကတော့ နေရာမှာသေဆုံးသွားပါတယ်။ ကျန်တဲ့ ကလေး(၄)ဦး ကတော့ ဒဏ်ရာအသီးသီးရရှိထားလို့ ဆေးကုသမှုခံယူဖို့ဆေးရုံတင်ထားရပါတယ်” ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းဘေးမှ မိုင်းပေါက်ကွဲမှုကြောင့် မုံးပေါ်ကျေးရွာ အထက(ခွဲ)ကျောင်းမှ အသက် (၉)နှစ်အရွယ် ဒုတိယတန်း ကျောင်းသား မောင်ခိုင်လင်းထွန်း၊ အသက် (၁၀)နှစ်အရွယ် တတိယတန်းကျောင်းသား မောင်အိုက်စိုးနှင့် အသက် (၉)နှစ်အရွယ် မောင်အိုက်အုံး၊ အသက် (၁၂)နှစ်အရွယ် တတိယတန်း ကျောင်းသား မောင်တန်မိုင်တို့ ဒဏ်ရာအသီးသီးရရှိသွားသဖြင့် မူဆယ်ပြည်သူ့ဆေးရုံတွင် (၂)ဦးနှင့် မန္တလေးပြည်သူ့ဆေးရုံတွင်(၂)ဦး ပို့ဆောင်၍ ကုသမှုခံယူနေပြီး အခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။

သေဆုံးသူ အသက် (၁၂)နှစ်အရွယ် တတိယတန်းမှ မောင်အောင်လင်းထွန်းမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်
Photo- NammyeHpauyam
Tachileik News Agency
http://www.tachileik.net
မူဆယ်မြို့နယ် မုံးပေါ်အထကခွဲမှ ကျောင်းသားများ ဆော့ကစားရာမှ မိုင်းပေါက်ကွဲ၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ မူဆယ်မြို့နယ် မုံးပေါ်အထကခွဲမှ ကျောင်းသားများ ဆော့ကစားရာမှ မိုင်းပေါက်ကွဲ၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:01 Rating: 5
Powered by Blogger.