ရှစ်လေးလုံးပါတီ တည်ထောင်ခွင့် လျှောက်ထား

၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့အဖွဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ရှစ်လေးလုံးပါတီ မှတ်ပုံတင် သွားရောက်လျှောက်ထားစဉ်။ Photo: Ko Ko Gyi's Facebook
၈၈ မျိုးဆက်ကျောင်းသားတွေပါဝင်တဲ့ ရှစ်လေးလုံးပါတီလို့ အမည်ပေးထားတဲ့ နိုင်ငံရေးပါတီသစ် တည်ထောင်ခွင့် ကို မနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားလိုက်ပါတယ်။

လက်ရှိမှာ ပါတီတည်ထောင်လိုသူစာရင်းကို တင်သွင်းတာဖြစ်ပြီး ပါတီဥက္ကဌကို ရွေးချယ်ထားခြင်း မရှိသေးဘူး လို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ၊ ဗဟိုဦးဆောင်ကော်မတီတာဝန်ခံ ဦးကိုကိုကြီးက ပြောပါတယ်။

"အဓိကက ပြည်သူရဲ့ရေချိန်ပဲ၊ ဘယ်နှစ်နေရာဝင်မယ်ဆိုတာက အခုအချိန်မှာပြောဖို့ သိပ်စောပါသေး တယ်၊ ဘာကြောင့်လဲဆိုတော့ ပါတီမှတ်ပုံတင်တောင်မကျသေးဘူး၊ ကျနော်တို့က ပါတီစည်းရုံးရေး အခြေအနေတွေ ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စတွေ လုပ်စရာတွေအများကြီးရှိပါတယ်၊ ဒါကြောင့် ဒီဟာကပြောဖို့စောပါသေးတယ်၊ အခုဟာက ပါတီတည်ထောင်လိုသူစာရင်းတင်တယ်၊ လက်ရှိကြား ကာလအတောအတွင်းမှာ ဖြစ်မြောက်ရေးကော်မတီရဲ့ လုပ်ငန်းကော်မတီတွေအတိုင်း ကျနော်တို့ ဆက်ပြီးတော့ဆောင်ရွက်နေပါတယ်"

ရှစ်လေးလုံး ပါတီသစ်ဟာ မဟာမိတ်မူဝါဒကို ထည့်သွင်းချမှတ်ထားတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနှံ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပါတီဖြစ်မြောက်ရေး ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ရက်ပိုင်း က ပြောထားပါတယ်။

ပါတီနာမည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာပေးပို့သူရှိလာရင်လည်း ဥပဒေနည်းလမ်းအရ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့် ပြု မပြုကို ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ပြီးတဲ့အခါ တည်ထောင်ခွင့်ရရှိခဲ့ရင် ပါတီအလုပ်အမှုဆောင်အဖွဲ့၊ ပါတီဖွဲ့စည်းပုံ စတဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရှစ်လေးလုံးပါတီ တည်ထောင်ခွင့် လျှောက်ထား ရှစ်လေးလုံးပါတီ တည်ထောင်ခွင့် လျှောက်ထား Reviewed by THITHTOOLWIN on 13:12 Rating: 5
Powered by Blogger.