တနင်္သာရီဂျာနယ်ကို တရားစွဲဖို့ တိုင်းအစိုးရ လျှောက်ထားမှု တရားရုံးလက်ခံ

တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို တွေ့ရစဉ်/ Photo: Dawei Watch
မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို ဖော်ပြခဲ့တဲ့ တနင်္သာရီဂျာနယ်ကို သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲဆိုဖို့အတွက် တိုင်းအစိုးရက ဦးတိုက်လျှောက်ထားတာကို ထားဝယ်မြို့နယ် တရားရုံးက လက်ခံလိုက် တယ်လို့ တနင်္သာရီဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောပါတယ်။

အဲဒီလို တရားစွဲဆိုခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး တရားဝင်အကြောင်းကြားစာ မရောက်သေးကြောင်းနဲ့ တရားဥပဒေအရ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ဦးမျိုးအောင်က ပြောပါတယ်။

နိုဝင်ဘာလ၂၀ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာ ကလောင်ရှင် မူးဆေးအိုးရေးသားတဲ့ "မဲဆွယ် အပြုံး" သရော်စာပါ ရေးသားချက်တွေဟာ တိုင်းဝန်ကြီးချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး တရားစွဲဖို့အတွက် ဝန်ကြီးချုပ်ညွှန်ကြားချက်နဲ့ အစိုးရအဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးက တရားရုံးကို ဦးတိုက်လျောက်ထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဟာ လူတစ်ဦးတစ်ယောက်ကို အသရေဖျက်စေမှုအတွက်စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလတုန်းကလည်း တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးပါ စာသားတစ်ချို့ဟာ ကံပေါက်ဒေသမှာ သတ္တုတူးဖော်နေတဲ့ DELCO ကုမ္ပဏီကို ဂုဏ်သိက္ခာကျ ဆင်းစေတယ်ဆိုပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ရေဖြူတရားရုံး တရားစွဲဆိုခံခဲ့ဖူးပြီး တရားရုံးက ဒဏ်ငွေ ၃ သောင်း ချမှတ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တနင်္သာရီဂျာနယ်ကို တရားစွဲဖို့ တိုင်းအစိုးရ လျှောက်ထားမှု တရားရုံးလက်ခံ တနင်္သာရီဂျာနယ်ကို တရားစွဲဖို့ တိုင်းအစိုးရ လျှောက်ထားမှု တရားရုံးလက်ခံ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.