အာခါတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည်


တာချီလိတ် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့နယ်၌ နှစ်စဉ်ကျင်းပသည့် အာခါ တိုင်းရင်းသားရိုးရာ ခါးထောင်းဖားပွဲတော် (ခ) နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်တိုင်တိုင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် အာခါ တိုင်းရင်းသားတို့၏ ရိုးရာအတိုင်း ယခင် နှစ်များကဲ့သို့ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အာခါလူမျိုးများသည် ထူးခြားသည့် ဓလေ့ ငါးရပ်ရှိသည်။ နှစ်တစ်နှစ်၏ စားနပ် ရိက္ခာသီးနှံများ၊ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးမှု အထိမ်းအမှတ်အဖြစ် နှစ်သစ်ကြိုဆိုသည့် ခါးထောင်းဖား (အဖွေလော) နှစ်သစ်ကူးပွဲကျင်းပသည့် ဓလေ့၊ အိမ်တိုင်းတွင် မိမိတို့၏ ဘိုးဘွား ဘီဘင်ကို ကိုးကွယ်ရန် (ပါလော့) ခေါ် ဘုရားစင်ထားရှိပြီး နှစ်စဉ် ရာသီပွဲများဖြင့် ၁ဝ ကြိမ်ထက်မက ပူဇော်သည့်ဓလေ့၊ ရွာတိုင်းတွင် လူနှင့် သူရဲတ္ဆေနေရာကို ခွဲခြားသတ်မှတ်သည့် ''လချေလန်းခန်'' ရှိပြီး နှစ်စဉ် သူရဲတ္ဆေ နတ်ဆိုး မောင်းထုတ်ပွဲတွင် တစ်ရွာလုံးရှိ အိမ်များ မှ သူရဲတ္ဆေကို ရွာတံခါးပြင်သို့ မောင်းထုတ်သည့်ဓလေ့၊ အိမ်တိုင်း၏ လယ်၊ ခြံများတွင် ''ဟွန်ဖီ'' ဟုခေါ်သည့် နတ်စင်တည်ထားပြီး စပါးသီးနှံ အထွက် တိုးရန်၊ နေကောင်းကျန်းမာရန် ဆုတောင်း သည့်ဓလေ့ ရှိကြသည်။

အာခါ တိုင်းရင်းသားများသည် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာလေ မိုင်းဆတ်၊ မိုင်းခတ်နှင့် မိုင်းလား အထူး ဒေသများတွင် နေထိုင်ကြပြီး တောင်ယာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည့် တောင်ပေါ်တိုင်းရင်းသားများ ဖြစ်ကြ သည်။ အာခါဇန်း ခေါ် အာခါ တိုင်းရင်းသားများ၏ မူလအစ ယုံကြည် ကိုးကွယ်မှု ဘာသာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေနှင့် ဝတ်စား ဆင်ယင်မှု ရိုးရာဓလေ့များအား လေးစား ဂုဏ်ယူနိုင်စေရန်၊ တိမ်မြုပ်နေသော ရိုးရာ ယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ် နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့ နေသော အာခါတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့ နိုင်ရန် ရည်ရွယ်၍ ကျင်းပကြ သည်။

ရှေးယခင်က ခါးထောင်းဖားပွဲတော် အား မိမိတို့နေထိုင်ရာ ကျေးရွာအလိုက်၊ ဒေသအလိုက်သာ ကျင်းပလာခဲ့ကြရာမှ အာခါရိုးရာ နှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့၌ နှစ်စဉ် စုပေါင်းကျင်းပ လာခဲ့ရာ ယခုတစ်ကြိမ်မှာ အဋ္ဌမအကြိမ် မြောက်ဖြစ်သည်။ပွဲတော်တွင် ထိုင်း၊ လာအို၊ မြန်မာနိုင်ငံ အသီးသီးတွင် မှီတင်း နေထိုင်ကြသည့် အကအဖွဲ့များမှ နိုင်ငံ အလိုက်၊ ဒေသအလိုက် ရိုးရာယဉ်ကျေးမှု အကများဖြင့် စုပေါင်းကပြ ဖျော်ဖြေ ကြမည်ဖြစ်သည်။

အဆိုပါ ခါးထောင်းဖားပွဲတော်ကို လာရောက်လေ့လာလိုသူများအနေဖြင့် သံလွင်အရှေ့ခြမ်း ကျိုင်းတုံ-မိုင်းဆတ်-မိုင်းဖြတ်-မိုင်းလားဒေသတို့မှ တာချီလိတ် သို့လည်းကောင်း၊ လာအိုနိုင်ငံမှ မိန်းမော ဆိပ်ကမ်းမှ လည်းကောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့အထိ လေယာဉ်၊ ကား၊ ဆိုင်ကယ်နှင့် သင်္ဘောလမ်းများမှလည်း လာရောက်နိုင်ကြောင်း သိရသည်။

မြင့်မိုရ် (တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အာခါတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည် အာခါတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည် Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.