ကုလဆုံးဖြတ်ချက်အပေါ် အီရန်နဲ့ တရုတ် သဘောထား ကွဲပြား

Photo: UNWebTV
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မဲခွဲစဉ်မှာ ကြားနေခဲ့တဲ့ အီရန်နိုင်ငံက သူတို့ရပ်တည်ချက်ကို ပြောင်းလဲပြီး ထောက်ခံမဲပေးကြောင်း အင်္ဂါနေ့ မနေ့က ကြေညာ လိုက်ပါတယ်။

အထွေထွေညီလာခံမှာ လူမှုရေး၊ လူသားချင်းစာနာမှု နဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြဌာန်းလေ့ရှိတဲ့ တတိယကော်မတီက မြန်မာအာဏာပိုင်တွေကို ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေရပ်ဆိုင်းပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပေးဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အီရန်နိုင်ငံက တခြားနိုင်ငံ ၃၆ နိုင်ငံနဲ့အတူ ကြားနေခဲ့ပါတယ်။

အဲဒီလိုကြားနေခဲ့တာဟာ တတိယကော်မတီက နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ ခွဲခြားဆက်ဆံမှုတွေ နိုင်ငံရေးပါတဲ့ ပြုမူချက်တွေကို ဆန့်ကျင်တဲ့အတွက်ဖြစ်တယ်လို့ အီရန်ကိုယ်စားလှယ်က စောစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံအပေါ် ပြစ်တင်ရှုတ်ချလေ့ရှိတဲ့ တတိယကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မိမိတို့ ဆန့်ကျင်ခဲ့တာ အနှစ် ၃ဝ ရှိပြီဖြစ်ပါတယ်၊ ဒါပေမဲ့ ကမ္ဘာတဝှမ်းက မွတ်စလင်အားလုံးရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ကုလသမဂ္ဂကို အင်္ဂါနေ့မှာ တရားဝင်အကြောင်းကြားစာပို့လိုက်ပါတယ်လို့ အီရန်နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါတယ်။

တယ်ရန်း (Tehran ) မြို့က ရရှိတဲ့ တခြားသတင်းတပုဒ်မှာတော့ တနင်္ဂနွေနေ့က အခုလိုကြားနေမဲ ပေးခဲ့တာဟာ အီရန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့အကြား ညှိနိုင်းဆောင်ရွက်မှု အားနည်းတဲ့အတွက် ဖြစ်ကြောင်းဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကန့်ကွက်အရေးယူဖို့ အီရန်အစိုးရက ရှေးဦးကတည်းက မူဝါဒ ချမှတ်ထားပြီးဖြစ်ပေမယ့် တတိယကော်မတီ ဆုံးဖြတ်ချက်တွေကို အစဉ်အလာ အတိုင်း ကန့်ကွက်လေ့ရှိတဲ့ နယူးယောက်မြို့ရှိ အီရန်ကိုယ်စားလှယ်အဖွဲ့က အဲဒီ မူဝါဒနဲ့ထပ်တူ လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ တရုတ်အစိုးရအာဘော်ဖြစ်တဲ့ Global Times ဂလိုဘယ်တိုင်းမ်စ် သတင်းစာက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်အပေါ် အခုလိုဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် ရိုဟင်ဂျာအရေးကို ကူညီဖြေရှင်းရာမကျပဲ ပိုမိုဆိုးဝါးစေလိမ့်မယ်လို့ မနေ့ကဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက တနင်္ဂနွေနေ့မှာ ကန့်ကွက်မဲပေးခဲ့ပြီးနောက် မြန်မာပြည်တွင်းရေးကို ပြည်ပက အလွန်အကျွံ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပိတ်ဆို့မှုတွေဟာ ရခိုင်ပြည်နယ်က ပဋိပက္ခ ချုပ်ငြိမ်းရေးကြိုးစားမှုတွေကို ထိခိုက်စေမှာဖြစ်ကြောင်း အခုလိုရေးသားခဲ့တာပါ။

အမှန်ပကတိက မြန်မာပြည်တည်ငြိမ်မှုရှိရေးနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့အသိုင်းအဝန်းတွေကို နိုင်ငံရေးအရအဖြေရှာဖို့ ဆွဲခေါ်နိုင်ရေးအတွက် လက်တွေ့ကျကျ ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ပြည်ပအင်အားစုတွေ အထူးသဖြင့် ကုလသမဂ္ဂလို အဖွဲ့အစည်းတွေအနေနဲ့ မျှမျှတတ မချင့်ချိန်ပဲ တဖက်သတ် ပြုမူမယ်ဆိုရင် ပိုမိုရှုပ်ထွေးစေမှာဖြစ်တယ်၊ လူမျိုးတုံးရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြောဆိုရေးသား အရေးယူတာမျိုးဟာ အနောက်နိုင်ငံတွေအတွက် ဂုဏ်သိက္ခာပိုင်းအရ မှန်ကန်သယောင် ရှိပေမယ့် ရိုဟင်ဂျာပြသနာကိုတော့ ပြေလည်သွားစေမှာ မဟုတ်ပါဘူး၊ လက်ရှိအခြေအနေမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမနေဘဲ ပြသနာအဖြေရှာရေးအတွက် မြန်မာအစိုးရကို ကူညီပံ့ပိုးသင့်ပါတယ်လို့ တရုတ်အစိုးရအာဘော် Global Times ဂလိုဘယ်တိုင်းမ်စ် သတင်းစာက ရေးသားလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ကုလဆုံးဖြတ်ချက်အပေါ် အီရန်နဲ့ တရုတ် သဘောထား ကွဲပြား ကုလဆုံးဖြတ်ချက်အပေါ် အီရန်နဲ့ တရုတ် သဘောထား ကွဲပြား Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.