ရန်ကုန် ဒီဇင်ဘာ ၂၉
ထောက်ကြန့်တွင် ရိုက်နှက်ခံရသည့် ရမ္မာဝတီဆရာတော်အမှုမှ ဖမ်းမိထားသူနှစ်ဦးအား ယနေ့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် တရားလိုပြ သက်သေတစ်ဦးအား စတင်စစ်ဆေးခဲ့သည်။
အဆိုပါအမှုတွင် ဆရာတော်အား အကြမ်းဖက်ရိုက်နှက်ခဲ့သည့် စားသောက်ဆိုင်ပိုင်ရှင် အောင်မိုးနှင့် မြင့်ကျော်(ခ)မြင့်သိန်းအား ရာဇသတ်ကြီးပုဒ်မ ၂၉၅-က/ ၃၂၃/၄ဝ၃/၁၁၄ ဖြင့် ထောက်ကြန့် နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မြင့်လွင်က တရားလိုပြုလုပ် တရား စွဲဆိုထားသည်။
အဆိုပါရုံးချိန်းတွင် တရားစွဲဆိုခံရသည့် စားသောက်ဆိုင်ပိုင်ရှင် မှ ဆေးစာဖြင့် ဒုတိယအကြိမ် အာမခံလျှောက်ထားခဲ့ပြီး တရားရုံး မှအာမခံမရသည့်ပုဒ်မ ပါဝင်နေသောကြောင့် ထပ်မံပယ်ချခဲ့သည်။ထို့နောက် ရုံးချိန်းအား လာမည့်နှစ်ဇန်နဝါရီ ၁၁ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။
ယနေ့ရုံးထုတ်စစ်ဆေးမှုအခြေအနေနှင့်စပ်လျဉ်း၍ ဆရာတော် အမှုမှန်ပေါ်ပေါက်ရေးကော်မတီမှ ဦးရဲစိုးအောင်က ''အမှုက ဒီနေ့မှာ စတင်စစ်ဆေးပြီဆိုတော့ ကျန်နေတဲ့ တစ်ယောက်ကလည်း အမှုစစ် ဆေးတဲ့အခြေအနေအရ ပေါ်ပေါက်လာမှာပါ''ဟု ပြောသည်။
ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် ဘုရားသုံးဆူကျေးရွာ ရမ္မာဝတီ ကျောင်းတိုက်နေ ဆရာတော်ဦးဣန္ဒကသည် နိုဝင်ဘာ ၂၈ ရက်က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ် တွင် ငွေနှစ်သိန်းအပ်နှံပြီးနောက် ဘဏ်ဘေးရှိစားသောက်ဆိုင်တွင် ရေနွေးတောင်းခံစဉ် ဆိုင်ပိုင်ရှင်နှင့် လူနှစ်ဦးက ရဟန်းတုဟုဆိုကာ ရိုက်နှက်ခဲ့ကြသည်။ ထိုသို့ ထိုးကြိတ်ရိုက်နှက်ခံရမှုကြောင့် ဆရာ တော်ကြီး၏ မျက်နှာနှင့် ကိုယ်လက်များတွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဆရာတော်၏ လက်ဆွဲအိတ်အတွင်းမှ ငွေကျပ်ငါးသိန်း မှာလည်း ခိုးယူခံခဲ့ရကြောင်း သိရသည်။
မင်းဟိန်း
The Union Daily
https://www.facebook.com/uniondaily.net
ထောက်ကြန့်တွင် ဆရာတော်တစ်ပါး ရိုက်နှက်ခံရသည့် အမှုအား စတင်စစ်ဆေး
Reviewed by THITHTOOLWIN
on
20:51
Rating:
