ရွှေပေါက္ကံ ကျေးရွာလုံးကျွတ် တရားစွဲဆိုခံရမှု ပိတ်သိမ်းတော့မည်


မိုးညှင်း ဒီဇင်ဘာ ၂၆

     ကချင်ပြည်နယ် မိုးညှင်းမြို့ရှိရွှေပေါက္ကံကျေးရွာသည်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ၏ကျေးရွာလုံးကျွတ် တရားစွဲဆိုခံထားရမှုမှလွှတ်ကင်းသွားပြီဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ သိရသည်။

     '' ကျွန်တော်တို့ဌာနက ရွာကိုတရားစွဲဆိုရတာလည်း အထက်ကညွှန်ကြားချက်အရဖြစ်ပြီး အမှုကို ပယ်ဖျက်လိုက် တာလည်း အထက်ကညွှန်ကြားချက်အရပါl ကျွန်တော်တို့ ဦးစီးမှူးအနေနဲ့ သည်ရွာကို တရားမစွဲတဲ့ ပျက်ကွက်မှုနဲ့ စုံခုံစစ်ခံရတာမျိုးအထိ ရှိခဲ့ပါတယ်'' ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း( ၄ ) ဦးစောနိုင်က ဆိုသည်။

    ရွှေပေါက္ကံကျေးရွာသည် မိုးညှင်းမြို့တောင်ဘက် ၂ မိုင် ၃ ဖာလုံခန့်အကွာlနန့်ပုတ်ကျေးရွာအုပ်စုl ပင်ရဲလှကွင်း  အမှတ် ( ၃၃၀ - ခ ) မြေလွတ်မြေရိုင်းပေါ်တွင် တည်ထားသော တရားမဝင် ကျေးရွာဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

     '' ကျွန်တော်တို့ သည်ရွာမှာ ကိုယ့်သဘောနဲ့ကိုယ် လာနေကြတော့ အခြေတကျ မနေနိုင်အောင် အမိန့်ထုတ်ပြီး တားမြစ်ခဲ့ကြပါတယ်l ယခင်အစိုးရ ယခုအစိုးရ အစိုးရနှစ်ရပ်ပေါင်း ၅ ကြိမ် တရားစွဲဆိုခံရပါတယ်l ကျွန်တော်တို့ကလည်း ၂၀၁၅ မေလကစပြီး ပြည်နယ်ဝန်ကြီးအဆင့်ဆင့်ဆီကို အသနားခံစာ ၅ ကြိမ် တင်ခဲ့ပါတယ်l ရွာကထွက်သွားဖို့ သတိပေး တာ၃ ကြိမ်ရှိခဲ့ပြီး ရွာက မလိုက်နာခဲ့ကြလို့ပုဒ်မ ၂၆ နဲ့ တရွာလုံးတရားစွဲဆို ခံခဲ့ရပါတယ် ''ဟု ရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဝင်းကြည်က ပြောသည်။

    ရွှေပေါက္ကံ ကျေးရွာတွင် တရားမဝင်နေထိုင်သည့် အိမ်ထောင်စုပေါင်း ၁၆၀ ရှိပြီးလူဦးရေ ၅၇၀ ကျော်ရှိကာ လာရောက်နေထိုင်သူများသည် လက်လုပ်လက်စား အများစုနှင့် အငြိမ်းစားဝန်ထမ်းများဖြစ်ကြောင်း ၎င်းကျေးရွာမှ သိရသည်။

     ''ကျွန်တော်တို့ရွာမှာ အိမ်ယာမဲ့လက်လုပ်လက်စားတွေအပြင် ဝန်ထမ်းဟောင်းတွေ၊တပ်မတော်အငြိမ်းစားတွေ၊ သူတို့နဲ့ဆက်နွယ်နေတဲ့ မိသားစုတွေ လာနေကြတာပါl ကျွန်တော်ကတော့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါl ဝန်ထမ်းဟောင်းတွေဟာ ထွက်လာရင် အိမ်ခြေယာခြေရှိဖို့ ခက်ခဲပါတယ်l အခုသည်ရွာလေးဟာ အေးအေးချမ်းချမ်းဖြစ် သွားပြီး တရားဝင်နေထိုင်ခွင့်ရမယ်ဆိုရင် အရမ်းဝမ်းသာပါတယ် ''ဟု ရွာအကျိုးဆောင်တစ်ဦးဖြစ်သူဦးဇော်ဦးက ဆိုသည်။

       ( ၁၅. ၄၉ ) ဧကကျယ်ဝန်းသော ပလပ်မြေတွင် လွန်ခဲ့သော ၃ နှစ်ခန့်မှ စ၍ အိမ်ခြေ ၁၅၀ ခန့်ကကျူးကျော် နေထိုင်ခဲ့သည့် ရွှေပေါက္ကံကျေးရွာကို မိုးညှင်းမြို့နယ် မြေစာရင်းဦးစီးဌာနကယခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် တရားစွဲဆိုခဲ့ပြီး မိုးညှင်းမြို့မ ရဲစခန်းက ( ပ )၉၇/ ၂၀၁၇l မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ အမှုဖွင့် အရေးယူခဲ့ကြောင်းနှင့် ယခုအခါ ဥပဒေကြောင်းအရ အမှုပိတ်သိမ်းရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း မိုးညှင်းမြို့ မရဲစခန်းမှ သိရသည်။

ဂျူနီယာပေါက်ကျိုင်း / EPN
https://www.facebook.com/epngnews/
ရွှေပေါက္ကံ ကျေးရွာလုံးကျွတ် တရားစွဲဆိုခံရမှု ပိတ်သိမ်းတော့မည်  ရွှေပေါက္ကံ ကျေးရွာလုံးကျွတ် တရားစွဲဆိုခံရမှု ပိတ်သိမ်းတော့မည် Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.