မိုင်းတုံမြို့ ၌ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်


မိုင်းဆတ် - ဒီဇင်ဘာ ၃ဝ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် ဒီဇင်ဘာ ၂၉ ရက်က နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းတုံမြို့၏ မြောက်ဘက် ၁၁ မိုင်ခန့်အကွာ လွယ်ခမ်းလုံကျေးရွာအုပ်စု ပါခတ်ကျေးရွာနေ ဒေါ်အီနာရှဲသည် တစ်ရွာတည်းနေ ဦးအဲယေ နေအိမ်၌ ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီခန့်က မုန့်ဝယ်နေစဉ် မိမိ၏ နေအိမ်ဘက်မှ သေနတ်သံကြား၍ နေအိမ်သို့ ပြန်လာရာ နေအိမ်ပေါ်တွင် သမီးဖြစ်သူ မနားကျို(၂၅နှစ်)နှင့် သမက် ဖြစ်သူ မောင်မော်ကျို(၃၅နှစ်)သည် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း၊ မောင်မော်ကျို၏ ဘယ်ဘက်ဘေးတွင် သွေးများပေကျံနေသည့် အရိုးအသွား ၁ ပေ ၉ လက်မရှိ ဓားဦးချွန်တစ်ချောင်းနှင့်ဒင်ပြောင်းပါ ၄ ပေ ၁ဝ လက်မခန့်ရှိ တူမီး သေနတ်တစ်လက်ကိုတွေ့ရှိရသဖြင့် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်း ခဲ့ကြောင်း သိရသည်။

ထို့နောက် မောင်မော်ကျိုနှင့် မနားကျိုတို့၏ ရုပ်အလောင်းအား ရဲဆေးစာနှင့်အတူ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဒေါ်အီနာရှဲက တိုင်တန်းသဖြင့် မိုင်းတုံမြို့မရဲစခန်း၌ အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေး စစ်ဆေးဖော်ထုတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သန်းဇော်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်းတုံမြို့ ၌ နှစ်လောင်းပြိုင်လူသတ်မှုဖြစ် မိုင်းတုံမြို့ ၌ နှစ်လောင်းပြိုင်လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 12:42 Rating: 5
Powered by Blogger.