ငပလီက ကျူးကျော်ဆိုင်ခန်းတွေဖျက်ပေးဖို့ ဒေသခံတွေ တောင်းဆို

စစ်တွေမြို့ မြလဘက်ရည်ဆိုင်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကပြုလုပ်တဲ့ ငပလီဒေသခံတွေရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့မှာရှိတဲ့ အများပြည်သူပိုင် မြေကွက်ပေါ်မှာ ဆိုင်ခန်းတွေ ကျူးကျော်ဆောက်လုပ် ထားတဲ့ကိစ္စကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက စစ်တွေမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်မှာနေထိုင်တဲ့ ဦးညီလေးက အများပြည်သူနဲ့ဆိုင်တဲ့ မြေနေရာကို မူလအတိုင်း ထားပေးစေချင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ငပလီမြို့မှာ အလျား ပေ ၁၈၀ ကျော်နဲ့ အနံ ပေ ၉၀ ကျော်ရှိတဲ့ အများပြည်သူပိုင် မြေကွက်ပေါ်မှာ စည်ပင်သာ ယာရေးကော်မတီ ဥက္ကဌနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပေါင်းပြီးတော့ အခုနှစ် ဖေဖော်ဝါရီလက ဆိုင်ခန်း ၁၆ ခန်းဆောက်ပြီး တစ်ခန်းကို တစ်နှစ်မှာ ငွေကျပ် ၄ သိန်းနဲ့ ငှားရမ်းထားတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာပဲ အဲဒီဆိုင်ခန်းတွေကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြသလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို လက်မှတ်ရေးထိုး တိုင်တန်းခဲ့တာကြောင့် ပြည်နယ်အစိုးရအမိန့်နဲ့ ငပလီမြို့ အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ အပြီးဖယ်ရှားပေးဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပေမယ့် ဒီနေ့အချိန်အထိ ပြန်လည်ဖျက်သိမ်းခြင်း မရှိသေးဘူးလို့လည်း ပြောပါတယ်။

ဒီကိစ္စအပေါ် ငပလီမြို့ အုပ်ချုပ်ရေးမှူးကို ဒေသခံတွေက သွားရောက်မေးမြန်းရာမှာလည်း အများပြည်သူပိုင် မြေနေရာကို မူလအတိုင်း ပြန်လည်ထားရှိရေးကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အာမခံတာ မရှိဘူးလို့လည်း ဒေသခံတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီဆိုင်ခန်းတွေမှာ အရက်၊ ဘီယာနဲ့ စားကုန်တွေကို ရောင်းချနေတာဖြစ်ပြီး ဒေသခံတွေရဲ့ ဒီနေ့ သတင်းစာ ရှင်းပွဲကို စစ်တွေမြို့ မြလက်ဖက်ရည်ဆိုင်မှာ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငပလီက ကျူးကျော်ဆိုင်ခန်းတွေဖျက်ပေးဖို့ ဒေသခံတွေ တောင်းဆို ငပလီက ကျူးကျော်ဆိုင်ခန်းတွေဖျက်ပေးဖို့ ဒေသခံတွေ တောင်းဆို Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.