လသာမြို့နယ်တွင် အငှားယာဉ်ဖြင့် လုယက်သူများအား အချိန်တိုအတွင်း ဖမ်းဆီး


ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်မှာ အငှားယာဉ်နဲ့ လုယက်သူတွေကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့ရဲ့ ဒီဇင်ဘာ(၃၀)ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 ဖြစ်စဉ်မှာ ဒီဇင်ဘာ (၂၇) ရက် ည (၁၁) နာရီမှာ အမျိုးသမီး(၁)ဦးဟာ ဒဂုံမြို့နယ်၊တော်ဝင်စင်တာအရှေ့ကနေ အငှားယာဉ်ကိုငှားပြီး ရန်ကုန်ဆေးရုံကြီးကို အသွား ရန်ကုန်ဆေးရုံကြီး
ဝင်ပေါက်မှာ အငှားယာဉ်က ရပ်တန့်မပေးဘဲ မောင်းနှင်သွားပြီး ယာဉ်မောင်းဘေးက အမျိုးသား(၁)ဦးနဲ့အနောက်ဖုံးအခန်းက အမျိုးသား(၂)ဦးတို့က ဓားထောက်လုယက်ခဲ့တာ ဖြစ်ပါတယ်။

 လုယက်သူတွေဟာ အဲဒီအမျိုးသမီးဆီက Vivo ဖုန်း(၁)လုံး၊ (၂) ပဲသားခန့်ရှိ ရွှေနားဆွဲ(၁)ရံ၊ ငွေ (၈၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၃)သိန်းခန့်ကို လုယက်ယူဆောင်ကာ အင်းယားမြိုင်လမ်းပေါ်မှာ ချထားခဲ့ပါတယ်။ အငှားယာဉ်ငှားသူ အမျိုးသမီးက ယာဉ်မောင်းနဲ့ အပေါင်းအပါ(၃)ဦးတို့အပေါ် အရေးယူပေးဖို့တိုင်တန်းခဲ့ပြီး လသာမြို့မရဲစခန်း(ပ) ၃၉၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၃၉၄/၁၁၄ နဲ့ အရေးယူဆောင်ရွက်ခဲ့ပါတယ်။

 တာဝန်ရှိသူတွေက ဖမ်းဆီးရမိရေးအတွက် စုံစမ်းခဲ့ရာ ယာဉ်မောင်းဖြစ်သူကို ဖမ်းမိပြီး ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်ရာမှာ အတူပါဝင်သူ(၃)ဦး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ(၃)ဦးကို ဒီဇင်ဘာ (၂၉) ရက်ည (၉)နာရီက ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီး ငွေနဲ့ ဖုန်းကို ရောင်းချကာ ရရှိငွေတွေ ခွဲဝေယူခဲ့ကြတယ်လို့ စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။

 ပြစ်မှုကျူးလွန်သူ (၄)ဦးကို အခြားလုယက်မှုတွေ ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးနေပြီး သက်သေခံပစ္စည်းတွေကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကာ ဥပဒေနဲ့ အညီဆက်လက် ဆောင်ရွက်သွား မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို central news bureau က ပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb
လသာမြို့နယ်တွင် အငှားယာဉ်ဖြင့် လုယက်သူများအား အချိန်တိုအတွင်း ဖမ်းဆီး လသာမြို့နယ်တွင် အငှားယာဉ်ဖြင့် လုယက်သူများအား အချိန်တိုအတွင်း ဖမ်းဆီး Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.