ဂျေရုဆလင်မြို့တော် သတ်မှတ်တဲ့အပေါ် ကမ္ဘာတ၀န်း ဆန္ဒပြပွဲတွေဆက်ဖြစ်နေ

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ဆန္ဒပြ
အမေရိကန်သမ္မတ Donald Trump က ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ပြီး မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေမှာ တနင်္ဂနွေနေ့က ဆန္ဒပြကြပါတယ်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးအနီးမှာ ဆန္ဒပြကြတဲ့ လက်ဘနွန်နဲ့ ပါလက်စတိုင်း လူမျိုးတွေက သံရုံးကို ခဲတွေနဲ့ ပစ်ပေါက်ပြီး သမ္မတ Trump ရဲ့ ရုပ်တုအပါအ၀င် အစ္စရေးလ်နဲ့ အမေရိကန်အလံတွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတာမှာ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်တွေနဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

ကမ္ဘာမှာ မွတ်ဆလင် လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာလည်း ထောင်ပေါ့င်းများစွာသော ပြည်သူတွေ အမေရိကန်သံရုံးအပြင်မှာ ချီတက် ဆန္ဒပြကြသလို ဂျော်ဒန်၊ တူရကီ၊ ပါကစ္စတန်၊ မလေးရှား၊ အီဂျစ်နဲ့ အစ္စရေးလ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ Gothenburg မြို့မှာလည်း ဂျူးဘုရားရှိခိုးကျောင်းကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီ အဖြစ်အပျက်ကို မီးရှို့ရန် ကြံစည်မှုအဖြစ်နဲ့ စုံစမ်း စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။

ဂျေရုဆလင်မ်မြို့က ဘတ်စကားဂိတ်အနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ဓားနဲ့အထိုးခံရတဲ့အတွက် ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း အစ္စရေးလ်ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်သူကိုတော့ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဂျေရုဆလင်မြို့တော် သတ်မှတ်တဲ့အပေါ် ကမ္ဘာတ၀န်း ဆန္ဒပြပွဲတွေဆက်ဖြစ်နေ ဂျေရုဆလင်မြို့တော် သတ်မှတ်တဲ့အပေါ် ကမ္ဘာတ၀န်း ဆန္ဒပြပွဲတွေဆက်ဖြစ်နေ Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.