ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာဝင်ခွင့် ပိတ်ပင်ခံရ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ Yanghee Lee ဇူလိုင်လတုန်းက မြန်မာနိုင်ငံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ Yanghee Lee ကို မြန်မာနိုင်ငံ ၀င်ခွင့်ပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။ ရှေ့လထဲ မြန်မာနိုင်ငံကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ရှိနေချိန်မှာဘဲ ခွင့်ပြုတော့မှာ မဟုတ်တဲ့အကြောင်း မြန်မာအာဏာပိုင်တွေက အကြောင်းကြားခဲ့တယ်လို့ အထူးကိုယ်စားလှယ်က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသလို စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တာဟာ ရခိုင်ပြည်နယ်နဲ့ နိုင်ငံတွင်းက တခြားနေရာတွေမှာ ဆိုးဆိုးရွားရွား အခြေအနေတွေ ပေါ်ပေါက်နေတဲ့ လက္ခဏာအဖြစ် ရှုမြင်နိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်မှာတုန်းကပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က အထူးကိုယ်စားလှယ်ကို ရည်ညွှန်းပြီး မြန်မာအစိုးရဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ကိုးကားပြောဆိုခဲ့တာကိုလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။ ဒါပေမဲ့လည်း ဇူလိုင်လထဲ မြန်မာနိုင်ငံခရီးစဉ်အပြီး ပြောဆိုခဲ့တဲ့ မှတ်ချက်ဟာ ဘက်လိုက်ပြီး၊ မျှတမှု မရှိဘူးဆိုပြီး အခုနောက်ဆုံး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ချမှတ်ခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရအနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့ မျှော်လင့်ကြောင်းလည်း လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ ကပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီနဲ့ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ တနှစ်ကို ၂ ကြိမ် သက်ဆိုင်ရာ နိုင်ငံကို သွားရောက်စုံစမ်းကြရသလို၊ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ Yanghee Lee ဟာ မြန်မာနိုင်ငံကို ၆ ကြိမ် ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေ အကြီးအကျယ် ထွက်ပေါ်ရာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က အချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းပြီး မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်ခဲ့ပေမဲ့လည်း မြန်မာအစိုးရကတော့ ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ မဖြစ်ဘူးဆိုပြီး လက်မခံဘဲ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာဝင်ခွင့် ပိတ်ပင်ခံရ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာဝင်ခွင့် ပိတ်ပင်ခံရ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.