လှိုင်သာယာမြို့နယ်၌ တရားမဝင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဒိုင်စု ကျေးရွာတွင် တရားမဝင် လုပ်ကိုင်နေသည့် စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်၌ ဒီဇင်ဘာလ ၂၇ရက်နေ့  မွန်းလွဲပိုင်းက ဆေးလိပ် မီးညှိရာမှ မီးလောင်မှုဖြစ်ပွားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်က ဒိုင်စုကျေးရွာ ဦးထွန်းညိုလမ်းနှင့် နယ်မြေခံတပ်ရင်း ကွင်းဘေးကြား၌ တရားမဝင် စက်သုံးဆီအရောင်းဆိုင်တွင် ဆီပီပါမှ ဆီများလှယ်နေစဉ် အနီးရှိ ဆိုင်ရှင်ဖြစ်သူက ဆေးလိပ်မီး ညှိရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးမှူး (ဒုတိယမီးသတ် ဦးစီးမှူး) ဦးရန်နိုင်ဖြိုးထံမှ သိရသည်။

''အခု မီးလောင်တဲ့ဆိုင်က လူနေအိမ်တွေနဲ့ဝေးလို့ တော်သေးတယ်၊ ဆီပီပါတွေ မီးလောင်ပေါက်ကွဲပြီး လေထဲမှာ မြောက်တက်သွားတာ တော်တော်များတယ်၊ မီးသတ်တပ်ဖွဲ့ဝင်တွေလည်း တော်တော်လေး ကြိုးစားပြီး ငြှိမ်းသတ်လိုက်ရတာကို တွေ့ရတယ်၊ ဘေးပတ်ဝန်းကျင် နေအိမ်တွေကိုတော့ ထိခိုက်သွားတာမျိုး မရှိပါဘူး''ဟု အဆိုပါ မီးလောင်မှုအနီးရှိ ဒေသခံ ဦးဝင်းနိုင်က ပြောသည်။

မီးလောင်ရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂ဝ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ဝ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် ယာဉ် ၄၉ စီး၊ အုပ်ချုပ်မှုယာဉ် ရှစ်စီး၊ အထောက်အကူ ပြုယာဉ် ၁ဝ စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဝင်းက ''အခု မီးလောင်မှုကိုတော့Level-3 အဆင့် အထိ မီးသတ်ယာဉ်တွေ စေလွှတ်ပြီး မီးငြှိမ်းသတ်ခဲ့ ရပါတယ်၊ ဆီပီပါတွေ မီးလောင်တာဖြစ်တဲ့အတွက် ကြောင့် ဆီမီးကိုငြှိမ်းသတ်တဲ့ Foam အမြှုပ်ဆေးရည် တွေနဲ့ အဓိကထားပြီး ငြှိမ်းသတ်ခဲ့ရတာပါ၊ ထိခိုက် ဒဏ်ရာရရှိမှု ကြီးကြီးမားမားတော့ မရှိပါဘူး'' ဟု ပြောသည်။

မီးလောင်မှုကြောင့် ဒီဇယ်ဆီ ပီပါ ၂ဝ၊ ဓာတ်ဆီ ပီပါ ၃ဝ တို့နှင့် အဆောက်အအုံတဲ တစ်လုံး မီးလောင် ခဲ့သဖြင့် ငွေကျပ် ၈၈ သိန်းခန့် ဆုံးရှုံးခဲ့ပြီး ဆီဆိုင်အလုပ် သမားနှစ်ဦး မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆီဆိုင်ပိုင်ရှင် ဦးမျိုးဇော်အောင်အား သက်ဆိုင်ရာက ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
လှိုင်သာယာမြို့နယ်၌ တရားမဝင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား လှိုင်သာယာမြို့နယ်၌ တရားမဝင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.