မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူတွင် လက်လုပ်မိုင်း ( ၉၇) လုံး တွေ့


စစ်တွေ၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္ဒူအုပ်စုမှ စေတီရွာကျေးရွာရှိ နွားတင်းကုတ်အနီးမှ ဒီဇင်ဘာလ ၅ ရက်နေ့က ယမ်းမထည့်ရသေးသည့် လက်လုပ်မိုင်း (၉၇)လုံးတွေ့ရှိကြောင်း သတင်းရရှိသည်။

“အဲဒီရွာတွေမှာ လူမရှိတော့ဘူး။ ဘင်္ဂလီရွာတွေပါ။ အဓိကတော့ အကြမ်းဖက်သမားတွေက သူတို့ဒီမှာ အကြမ်းဖက်ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ သုံးဖို့အတွက် လုပ်ထားတယ်လို့ ကျွန်တော်တို့က ယူဆရပါတယ်” ဟု ၎င်းဒေသတွင် တာဝန်ကျနေသည့် တပ်မတော်စစ်ကြောင်းမှူးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

အဆိုပါ လက်လုပ်မိုင်းမှာ ယမ်းထည့်ကာ အသက်မသွင်းရသေးသော်လည်း ကားပီစတင် အဟောင်းများဖြင့် သေချာပြုလုပ်ထားခြင်းဖြစ်သည်ဟု စစ်ကြောင်းမှူးက ပြောဆိုသည်။

ကျောက်ပန္ဒူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဝေအား နိရဉ္စရာသတင်းဌာနမှ ဆက်လက် မေးမြန်းရာ သူက “ ထောင်ထားတာတော့မဟုတ်ဘူး။ ယမ်းဘာမှ မထည့်ရသေးဘူး။ လုပ်ထား တာကတော့ အားလုံးအဆင်သင့်လုပ်ထားပါတယ်။ ဝါတိန်တောက်ပြီးတော့ သေချာလုပ်ထားတာပါ” ဟု ပြောသည်။

ကျောက်ပန္ဒူကျေးရွာအုပ်စုမှ ဘင်္ဂလီများနေထိုင်ခဲ့ စေတီရွာကျေးရွာမှ ဦးအီလီယပ်အိမ်အနီး ကားလမ်း အရှေ့ဘက် မြေနေရာတစ်ခုတွင် ၎င်းမိုင်းများအား မြေမြုပ်သိုဝှက်ထားရာမှ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်းသိရသည်။

“ ဒီ ကျောက်ပန္ဒူကျေးရွာက ဒေါ်ပုမယေဟာ ဒီဇင်ဘာလ ၅ ရက် နေ့လယ် ၂ နာရီကျော် အချိန်မှာ ဟင်းရှာရန်သွားပါတယ်။ အဲဒီနေရာကို ရောက်တဲ့ အခါ ပုံစံမတူတဲ့ မြေသားတွေကို တွေ့တဲ့ အတွက် တူးဖော်ကြည့်တဲ့အခါ ဗူးအပြာ ၂ လုံးနဲ့ ဆာလာအိတ်တွေမှာ ထည့်ထားတဲ့ မသခါင်္စရာ ပစ္စည်းများကို တွေ့ပြီး လာရောက်အကြောင်းကြားရာကနေ အခုလို လက်လုပ် မိုင်းတွေကို သိမ်းဆည်းရမိတာပါ” ဟု ကျောက်ပန္ဒူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဝေက ပြောကြားသည်။

နောင်ခိုင်အောင်
ဓာတ်ပုံ- ဌေးလှိုင်
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူတွင် လက်လုပ်မိုင်း ( ၉၇) လုံး တွေ့ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူတွင် လက်လုပ်မိုင်း ( ၉၇) လုံး တွေ့ Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.