မောင်တောတွင် WY စိတ်ကြွဆေးပြား ၅ သိန်းကျော် ထပ်ဖမ်းမိပြန်


စစ်တွေ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော် တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြား ၅၅၉၆၅ဝ များကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု မောင်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှဌေးက နိရဉ္စရာသို့ အတည်ပြုပြောသည်။

"မောင်တောရဲ့အရှေ့ဘက်က ၄ မိုင်ရဲ့နားကလေ အဘူကာလောင်ရဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ဘာလို့ဆို သူတို့ ၃ ယောက်က အထုပ်တွေထမ်းသွားတယ်ဆိုတာ အုပ်ချုပ်ရေးမှူးက လှမ်းအကြောင်းကြားလို့ အဲဒါ မသင်္ကာလို့ ပိုက်စိပ်တိုက်လိုက်ရှာတော့ လူတော့ မတွေ့တော့ဘူး။ အထုပ်တွေပဲ တွေ့တယ်။ အဲဒီအထုပ်တွေထဲက ဆေးပြား ၅၅၉၆၅၀ ကိုသိမ်းဆည်းရမိတာပါ"ဟု ဒုရဲမှူး လှဌေးက ဆိုသည်။


နိုဝင်ဘာ ၂၂ ရက်နေ့၊ နံနက်ပိုင်းက မောင်တောမြို့နယ် ဇူလကျေးရွာနှင့် မကျည်းကုန်းကျေးရွာကြားရှိ လယ်ကွင်းတွင် ဆာလာအိတ် ၃ ထုပ်ထဲမှ ၎င်းဆေးပြားများကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသည့် WY စိတ်ကြွဆေးပြား ၅၅၉၆၅ဝ ၏ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၁၉၃ ဖိုးရှိသည်ဟုလည်း မောင်တောမြို့မရဲစခန်းက ဆိုသည်။

အဆိုပါအမှုကို မောင်တောမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးသွားသူများအား ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မောင်တောမြို့ပေါ်တွင် ကျပ်သိန်းပေါင်း ၁၉၅ဝဝ တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားများကိုလည်း ဖမ်းမိခဲ့သေးသည်။

အလားတူ ဘူးသီးတောင်မြို့ပေါ်တွင်လည်း နိုဝင်ဘာ ၁၃ ရက်နေ့နှင့် ၂ဝ ရက်နေ့တို့တွင် ကျပ်သိန်းပေါင်း ၃၈ဝဝဝ ကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများကို ဖမ်းမိခဲ့သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
မောင်တောတွင် WY စိတ်ကြွဆေးပြား ၅ သိန်းကျော် ထပ်ဖမ်းမိပြန် မောင်တောတွင် WY စိတ်ကြွဆေးပြား ၅ သိန်းကျော် ထပ်ဖမ်းမိပြန် Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.