ဘူးသီးတောင်တွင် ကျပ်သိန်းပေါင်း ၁၉၃ဝဝ ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ထပ်ဖမ်းမိ

ဓာတ်ပုံ - မောင်တောခရိုင်ရဲတပ်ဖွဲ့
စစ်တွေ၊ နိုဝင်ဘာ ၂ဝ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၉၃ဝဝ ကျော်တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြားများအား ထပ်မံဖမ်းဆီးရမိကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သောင်းကြွယ်က နိရဉ္စရာသို့ အတည်ပြုပြောသည်။

"ခြုံထဲမှာဖွက်ထားတဲ့ အထုပ် ၅ ထုပ်တွေ့တယ်။ ၅ ထုပ်စလုံးက တစ်နေရာတည်းမှာ ၀ှက်ထားတာတော့မဟုတ်ဘူး။ တစ်ထုပ်နဲ့တစ်ထုပ် ၄/၅ ပေ၊ ၁ဝ ပေ အဲလောက်ဝေးတယ်"ဟု ဒုရဲမှူး သောင်းကြွယ်က နိရဉ္စရာသို့ ပြောသည်။

အဆိုပါမူးယစ်ဆေးဝါးများကို နိုဝင်ဘာလ ၂ဝ ရက်နေ့၊ ညနေ ၅ နာရီခန့်က ဘူးသီးတောင်မြို့နယ် အိုးသည်ကျေးရွာအနီး တောင်ကြောရှိ ခြုံနွယ်များထဲမှ ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းမိရာတွင် ဆေးပြားပေါင်း ၉၆၅၂ဝဝ ပြားပါရှိပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၉၃ဝဝ ကျော်ရှိကြောင်းလည်း သိရသည်။

ယခုဖမ်းမိသည့်စိတ်ကြွဆေးပြားများမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်တစ်ခုအတွင်းမှ ဖမ်းမိသည့် ကျပ်သိန်းပေါင်း ၁၉၅ဝဝ တန်ဖိုးရှိ WY ဆေးပြား ပိုင်ရှင် တစ်ဦးတည်း ဖြစ်နိုင်သည်ဟုလည်း ရဲက သုံးသပ်သည်။

နိုဝင်ဘာ ၁၃ ရက်နေ့ကဖမ်းမိသည့် WY ဆေးပြားပိုင်ရှင်ဖြစ်သူ ဦးဘသိန်းမောင်ဆိုသူမှာ ယင်းအချိန်မှစတင်တိမ်းရှောင်နေပြီး သူ့အား ဖမ်းမိနိုင်ရေး ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်တွင် ကျပ်သိန်းပေါင်း ၁၉၃ဝဝ ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ထပ်ဖမ်းမိ ဘူးသီးတောင်တွင် ကျပ်သိန်းပေါင်း ၁၉၃ဝဝ ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ထပ်ဖမ်းမိ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.