မန်ခေါက်ကျောင်းဆရာမကြီးအား အဓမ္မကျူးလွန်သည့် TNLA တပ်သား ၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်
Photo- File Photo |
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် မန်ခေါက်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာမကြီး ဒေါ် -------- အား အဓမ္မကျူးလွန်ခဲ့သည့် တအာင်းတပ်မတော် တပ်သား ၂ ဦးကို TNLA စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်သည်ဟု သိရသည်။
အဆိုပါအမှုကို TNLA စစ်ခုံရုံးမှ စစ်ဆေးမှုအပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမိန့်ချပြီး တရားလိုအား ဖိတ်ကြားမှု ရှိသော်လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ခြင်း မရှိဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တားအိုက်ကျော်က နိုဝင်ဘာ ၂၃ တွင် မားနဂါးသို့ ပြောသည်။
တားအိုက်ကျော်က “တရားခံ နှစ်ယောက်က ပြစ်မှုမြောက်တယ် စစ်ခုံရုံးကစစ်ဆေးပြီးတော့ နိုဝင်ဘာ ၁၁ ရက်နေ့က အမိန့်ချလိုက်တယ် သူတို့ နှစ်ယောက် ထောင်ဒဏ်နဲ့ အလုပ်ကြမ်း ၇ နှစ် ချမှတ်တယ် အဲဒီနေ့က တရားလိုဘက်ကိုလည်း ဖိတ်တယ် ဒါပေမယ့် သူတို့ မလာနိုင်ဘူး” ဟု ပြောသည်။
တအာင်းတပ်မတော် TNLA သည် အစိုးရနှင့် မည်သည့်အဆင့်မှ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့အပါအဝင် ဖြစ်၍ ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံမှု အခက်အခဲရှိပြီး ခံရသည့် တရားလို ကာယကံရှင်ဘက်ကလည်း ပွင့်လင်းမြင်သာမှု ရနိုင်ရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။
အဆိုပါတရားစီရင်မှုသည် တရားလိုကိုယ်တိုင် သွားရောက်နိုင်ခြင်း မရှိသောကြောင့် တအာင်းတပ်မတော်ဘက်မှလည်း အသိအမှတ်ပြု အလေးထားသည့်အနေဖြင့် ကိုယ်စားလှယ်ဖြစ်စေ အခြားသောနည်းလမ်းဖြစ်စေ ပြန်လည်အကြောင်းကြားခြင်း မရှိကြောင်း တရားလိုဘက် ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
“အမိန့်ချတဲ့နေ့ ကျမတို့ကို ခေါ်တယ် ဒါပေမယ့် ကျမတို့သွားလို့ အဆင်မပြေဘူး ရွာက ကိုယ်စားလှယ်တွေတော့ သွားတယ် ဒါပေမယ့် ဟိုမှာ ဘယ်လိုအမိန့်ချလဲ ဘယ်လိုလုပ်တယ်ဆိုတာတော့ ပြန်လာပြောတာ မရှိဘူး TNLA ဘက်ကလည်း အကြောင်းပြန်တာ အသိပေးတာ မရှိသေးဘူး” ဟု ဆရာမကြီးက ပြောသည်။
“ထောင်ဒဏ် ၇ နှစ်ချတယ်ဆိုတာ ကျမလည်း Facebook ပေါ်မှာပဲ တွေ့တယ် သူတို့ တိုက်ရိုက်ပြောလာတာတော့ မရှိဘူး ကျမလည်း သူတို့ အကြောင်းပြန်မယ်လို့တော့ မျှော်လင့်တယ် သူတို့ ဘာပြစ်ဒဏ်ပေးပေး တရားမျှတဖို့ပဲ လိုတယ် ကျေနပ်တာ မကျေနပ်တာတော့ မရှိပါဘူး” ဟု သူက ဆက်ပြောသည်။
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
မန်ခေါက်ကျောင်းဆရာမကြီးအား အဓမ္မကျူးလွန်သည့် TNLA တပ်သား ၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်
Reviewed by THITHTOOLWIN
on
17:28
Rating: