CI ထုတ်ယူဖို့ မြန်မာသံရုံး နှိုးဆော်

ထိုင်းနိုင်ငံ မဟာချိုင် CI စင်တာ(1) ရှေ့မှာ ထိုင်းစစ်တပ်က ကြပ်မတ်စစ်ဆေးပေးနေတာကို နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: Ye Min's facebook
ထိုင်းနိုင်ငံမှာ ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူ၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ အထောက်ထားမဲ့ထောက်ခံစာ ကိုင်ဆောင်ထားသူအားလုံး လာမယ့် ဒီဇင်ဘာလ ၃၁ရက် နောက်ဆုံးထားပြီး သက်သေခံလက်မှတ် CI ထုတ်ယူကြဖို့ မြန်မာသံရုံးက နှိုးဆော်လိုက်ပါတယ်။

CI ထုတ်ယူနိုင်ဖို့အတွက် စခန်း ၉ ခုဖွင့်လှစ်ထားပြီး နောက်ပိုင်းမှာလည်း Mobile Team ဖွဲ့ပြီး လိုက်လုပ်ပေးဖို့ အစီအစဉ်တွေရှိတယ်လို့ မြန်မာနိုင်ငံသံရုံး အလုပ်သမားသံအရာရှိ ဦးမျိုးထက်သူက ပြောပါတယ်။

"CI စခန်းက စခန်းအားလုံးစုစုပေါင်း ၉ ခုရှိတယ်ပေါ့နော်။ နောက်ပိုင်းမှာလည်း Mobile Team အနေနဲ့လည်း ထွက်ဖို့လည်း အစီအစဉ်ရှိတယ်။ ခုလာမယ့်အစည်းအဝေးပွဲကျမှာ ထပ်ပြီးဆွေးနွေးလိမ့်မယ် ခင်ဗျ၊ အဲ့ဒါကျတော့လေ။ ကျနော်တို့ Mobile Team စီစဉ်ထားတာတော့ ကြာတော့ကြာပြီခင်ဗျ"

ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနက ထုတ်ပေးထားတဲ့ အထောက်ထားမဲ့ထောက်ခံစာဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သက်တန်းကုန်ဆုံးမှာဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်း CI မထုတ်ရသေးဘဲ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အလုပ်သမားတွေကို ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ ထိုင်းဥပဒေသစ်အရ အရေးယူခံရမှာဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာအလုပ်သမားတွေအတွက် CI ထုတ်ပေးရေးစခန်းတွေကို မဟာချိုင်၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ ချင်းမိုင်၊ နခွန်စ၀မ်နဲ့ ဆောင်ခလာမြို့တွေမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
CI ထုတ်ယူဖို့ မြန်မာသံရုံး နှိုးဆော် CI ထုတ်ယူဖို့ မြန်မာသံရုံး နှိုးဆော် Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.