မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာနေ လူငယ်တစ်ဦး တီထွင်ထားသောလေ ယာဉ်ငယ် စမ်းသပ်ပျံသန်းခွင့်ကို သက်ဆိုင်ရာသို့ တင်ပြထား


မုံရွာ နိုဝင်ဘာ ၁

မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာတွင် သစ်သားကိုယ်ထည် သစ်သားတောင် ပံဖြင့် လေယာဉ်ငယ်တစ်စင်းကို ၁၉ နှစ်အရွယ် ကျွန်းကြီးကျေးရွာသား ကိုကျော်ဇင်ဝင်းက တည်ဆောက်ကာ စက်တပ်ဆင်ပြီးပြီဖြစ်၍ လာမည့်(တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာ ၃ ရက်တွင် စမ်းသပ်ပျံသန်းရန် စီစဉ်ထားသော်လည်း တင်ပြထားသော ပျံသန်းခွင့်မှာ မကျသေးသောကြောင့် စမ်းသပ် ပျံသန်းရမည့်နေ့ကို စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိရ သည်။

၁၉နှစ်အရွယ် ကိုကျော်ဇင်ဝင်းအနေဖြင့် မိဘက တောင်သူလုပ်သော်လည်း သူ့အနေဖြင့် လက်သမားအလုပ်ကို လုပ်ကိုင်ကာ မိဘနှင့် ညီအစ်ကို မောင်နှမ သုံးဦး စုစုပေါင်း ငါးဦးကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း သိရသည်။

''ကျွန်တော်လေယာဉ်ပျံလုပ်တယ်ဆိုတာ ကျွန်တော် စီးချင်သလို သူများတွေလည်း စီးချင်မှာပဲလေ၊ အဲဒါကြောင့် လေယာဉ်ကို တည်ဆောက်ဖြစ်တာပါ၊ လေယာဉ်ကို ရှစ်လ လောက်အချိန်ယူ တည်ဆောက်ရပါတယ်၊ အရင်ဆုံး သစ်သားနဲ့ လေယာဉ်သေးသေးလေးတွေ လုပ်ပြီးမှ အကြီးကို တည်ဆောက် တာပါ၊ စက်တွေတပ်ဆင်ဖို့ကို ကိုယ်တိုင်လေ့လာမေးမြန်းပြီး တပ်ဆင်ထားတာပါ၊ လေယာဉ်ကွင်းလည်း မရောက်ဖူးသလို လေယာဉ်ပျံတွေကိုလည်း တစ်ခါမှ သွားမလေ့လာဖူးပါဘူး၊ ရွာကလည်း ကူညီထောက်ပံ့ပေးပါတယ်၊ လွန်ခဲ့တဲ့ ရှစ်လ လောက်ကတည်းက လေယာဉ်တည်ဆောက်တာ ၁၅ သိန်းနီး ပါးလောက်တော့ ကုန်ပါတယ်၊ လေယာဉ်ကိုယ်ထည်ကို ကျွန်းသားနဲ့ တည်ဆောက်ထားပြီး ဘီးကိုတော့ ဆိုင်ကယ်ဘီး သုံးလုံးတပ်ထားပါတယ်၊ လေယာဉ်တောင်ပံက ၁၇ ပေရှည်ပြီး လေယာဉ်ကိုယ်ထည်အရှည်က ၁၄ ပေ၊ အမြင့်က ငါးပေခွဲရှိပြီး တစ်ဦးတည်းပဲ စီးလို့ရပါတယ်''ဟု လေယာဉ်ငယ်တည်ဆောက် သူ ကိုကျော်ဇင်ဝင်းက ပြောသည်။

မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်အနေဖြင့် လေယာဉ်စမ်းသပ်ပျံ သန်းမှု ခွင့်မပြုသေးဘဲ မုံရွာခရိုင်အုပ်ချုပ် ရေးမှူးမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဆင့်ဆင့် တင်ပြမှုကို အောက်တိုဘာ ၃၁ ရက်က တင်ပြထားကြောင်း သိရသည်။

''ဒီကလေးရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကပံ့ပိုး မယ်ဆိုရင် တစ်ဖက်တစ်လမ်းက နိုင်ငံတော်ကို အကျိုးပြုချင် တယ်လို့ သိရတာ အားရစရာပါ၊ မိဘတွေက တောင်သူလုပ်ငန်း လုပ်ပြီး ဒီကလေးက အခုလက်သမားလုပ်နေပါတယ်၊ ကျွန်တော်တို့ရွာအနေနဲ့က အခုလို ထူးထူးခြားခြား တီထွင် နိုင်တော့ အထူးဝမ်းသာရပါတယ်၊ ကလေးရဲ့ စိတ်ဆန္ဒက ပြင်းပြနေတော့ တာဝန်ရှိသူတွေအနေနဲ့ ခွင့်ပြုပေးစေချင် ပါတယ်''ဟု ကျွန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောသည်။

သံတိုင်ထွန်း(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာနေ လူငယ်တစ်ဦး တီထွင်ထားသောလေ ယာဉ်ငယ် စမ်းသပ်ပျံသန်းခွင့်ကို သက်ဆိုင်ရာသို့ တင်ပြထား မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာနေ လူငယ်တစ်ဦး တီထွင်ထားသောလေ ယာဉ်ငယ် စမ်းသပ်ပျံသန်းခွင့်ကို သက်ဆိုင်ရာသို့ တင်ပြထား Reviewed by THITHTOOLWIN on 09:22 Rating: 5
Powered by Blogger.