မိုင်းလားတပ်ဖွဲ့နယ်မြေအတွင်း ဂိတ်စခန်းတချို့မှ ၀ နှင့်အစိုးရတပ် ပြန်မဆုတ်ခွါပေးသေးသဖြင့် ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့နေတုန်း


မိုင်းလားတပ်ဖွဲ့ဝင်၏ မြို့အဝင်အထွက် ဂိတ်၊ တပ်စခန်းများကို ယမန်နှစ်က အစိုးရတပ်ကထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ယနေ့တိုင် ဖြတ်သန်းသွားလာသူများအားတင်းကြပ်စစ်ဆေးသဖြင့် ခရီးသွား ကုန်သည်များအခက်တွေ့နေကြောင်းသိရသည်။

ယမန်နှစ် စက်တင်ဘာလက မိုင်းလားတပ်ဖွဲ့၏ တပ်စခန်း ၅ ခုအား UWSA တပ်က ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အောက်တိုဘာလတွင်မူ အစိုးရတပ်က မိုင်းလားတပ်ဖွဲ့၏ မြို့အဝင်အထွက်ဂိတ်စခန်းများတွင်နေရာ ယူထိန်းသိမ်းထားသည်မှာယနေ့တိုင်ပြန်ပေးခြင်းမရှိသေးပေ။

မိုင်းလားအရာရှိတဦးဖြစ်သောအားဆန်းကမူ – ကျနော်တို့ဘက်ကလည်း လမ်းပြန်ဖွင့်ချင်တဲ့ဆန္ဒရှိတယ်။ ၀ ဘက်ကလည်း ဒါကိုဖွင့်ချင်နေတယ်။ အစိုးရတပ်မတော်ဘက်ကတော့ တပ်ပြန်မဆုတ်သေးဘူး။ ကျနော်တို့ စခန်း တခုက ၀တပ်တွေပြန်မဆုတ်သေးလို့ စိတ်မချသေးတာကြောင့်ပြန်မဖွင့်သေးတာလို့ သူတို့ပြောပါတယ်။ – ဟု ပြောဆိုသည်။

UWSA သည် မိုင်းလားတပ်ဖွဲ့၏ တပ်စခန်း ၅ ခုအား ၂၀၁၆ ခုနှစ်စက်တင်ဘာလက သိမ်းပိုက်လိုက်ပြီး ၆ လ ခန့်အကြာ ၂၀၁၇ မတ်လ တွင် စခန်း ၄ ခုကို မိုင်းလားအားပြန်ပေးအပ်ခဲ့သည်။ သို့သော် မိုင်းလားတပ်ဖွဲ့၏ လွယ်ဆမ်ဆုမ် စခန်းတွင်နေရာ ယူထားသော ၀တပ်ဖွဲ့မှာမူ တပ်ဆုတ်ခြင်းမရှိသေးပေ။

ကျိုင်းတုံစစ်တိုင်းရုံးနှင့်နီးစပ်သူ ကားဆရာတဦးကမူ – လွယ်ဆမ်ဆုမ်စခန်းကနေ ၀ တပ်ပြန်မဆုတ်ပေးသေးသရွေ့ စစ်တပ်ကလည်း တာ့ပင်း တံတားဂိတ်၊ တာ့ပိမ်း တံတားဂိတ်ကနေ ဆုတ်ခွါပေးမှာမဟုတ်ဘူးလို့ပြောတယ်။ ဆိုတော့ ဂိတ်လည်းပြန်ဖွင့်မယ့်လမ်းမမြင်သေးဘူးပေါ့ဗျာ- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

သို့သော်မိုင်းယောင်း မိုင်းယုဘက်တွင်မူ သွားလာ၍ရကြောင်း၊ ၀ တပ်ရှိသည့်ဘက်တွင်သာ သွားလာမှုမရကြောင်း အားဆန်းက – အစိုးရကိုယ်စားလှယ်တွေမကြာခင် မိုင်းလားကိုလာမယ်လို့ကြားတယ်။ အဲ့ချိန်ကျရင်တော့ဒီအကြောင်းပါ ထည့်သွင်းဆွေးနွေးပြောဆိုရမယ် – ဟု ပြောဆိုသည်။

အစိုးရတပ်မတော်ဘက်က ကျိုင်းတုံမိုင်းလားရှိ တာ့ပင်းတံတား တာ့ပိမ်းတံတားဂိတ်မဖွင့်လှစ်သေးပါက ဒေသခံများ ကူးသန်းရောင်းဝယ်ရေး၊ အိမ်နီးချင်း တရုတ်၊ ထိုင်းမှခရီးသွားဧည့်သည်များ ၀င်ထွက်သွားလာ လည်ပတ်ရေး ရရှိဦးမည်မဟုတ်သေးဘဲ ကျိုင်းတုံထွက် ဒေသဆန်စပါးများ တရုတ်သို့တင်ပို့ရောင်းချနိုင်ဦးမည်မဟုတ်ကြောင်း၊ ထို့အတွက် ဒေသတွင်းလူထု စီးပွါး ခက်ခဲနေဦးမည်ဖြစ်ကြောင်းဆိုပါသည်။

၂၀၁၆ စက်တင်ဘာလ ၂၈ ရက်က ၀ တပ်ဖွဲ့ တပ်မဟာ ၄၆၈ က မိုင်းလားတပ်ဖွဲ့၏ ၀မ့်ခိုစုံ၊ ၀မ့်နောင်ဟုတ်၊ ပန်မဖိုင်း၊ လွယ်ကျူဆိုင်း ၊ လွယ်ဆာမ်ဆုမ်တို့အား စီးနင်းသိမ်းပိုက်လိုက်သည်။ လက်ရှိတွင် အဆိုပါတပ်စခန်းများအနက် ၄ ခုအား မိုင်းလားထံ ၀ တပ်ပြန်လည်အပ်နှင်းလိုက်ပြီဖြစ်သော်လည်း ၊ ၀- မိုင်းလားဆက်ဆံရေး ကောင်းမွန်ပြီးဖြစ်သော်လည်း လွယ်ဆာမ်ဆုမ်တပ်စခန်းမှမူ ၀ တပ်ပြန်မဆုတ်ခွါသေးပေ။

သျှမ်းသံတော်ဆင့်
http://burmese.panglong.org
မိုင်းလားတပ်ဖွဲ့နယ်မြေအတွင်း ဂိတ်စခန်းတချို့မှ ၀ နှင့်အစိုးရတပ် ပြန်မဆုတ်ခွါပေးသေးသဖြင့် ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့နေတုန်း မိုင်းလားတပ်ဖွဲ့နယ်မြေအတွင်း ဂိတ်စခန်းတချို့မှ ၀ နှင့်အစိုးရတပ် ပြန်မဆုတ်ခွါပေးသေးသဖြင့် ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့နေတုန်း Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.