သရက်တစ်ပင်တွင် ကားတိုက်ခံရသည့် ကျောင်းသား ၂ဦးကို ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်

(ဒဏ်ရာရရှိသွားသည့် ကျောင်းသား ၂ ဦး/ ဓာတ်ပုံ- လူထုဇော်ဝင်းပို့စ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင် ကျေးရွာအနီးတွင် ကားတိုက်ခံရသူ ကျောင်းသား ၄ ဦးထဲမှ ၂ ဦးမှာ စိုးရိမ်ရသဖြင့် စစ်တွေ ဆေးရုံးသို့ ပို့ဆောင်လိုက်ရသည်ဟု သတင်း ရရှိသည်။

အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီ ခန့်က သရက်တစ်ပင် အထက်တန်းကျောင်းမှ နေရပ်ရွာ မဟာမုနိ ကျေးရွာဘက်သို့ အိမ်ပြန်လာကြသည့် ကျောင်းသားများအား ဦးမောင်ကြီး (၃၂) နှစ်မောင်းနှင်လာသည့် ကားမှ အရှိန်လွန်ပြီး ကျောင်းသား ၄ ဦးအား တိုက်မိခဲ့သည်ဟု ကျောက်တော် ဒေသခံ လူထု ဦးဇော်ဝင်းက နိရဉ္စရာသို့ ပြောကြားသည်။


အဆိုပါ ကားတိုက်မှုကြောင့် ကျောင်းသား ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ထိုအထဲမှ ၇ တန်းကျောင်သား ဖြစ်ကြသည့် စပါးဆိပ် (သရီ)ကျေးရွာမှ မောင်ညီခန့် (၁၃)နှစ် (ဘ) ဦးမောင်သိန်းနှင့် သာယာကုန်းရွာမှ မောင်စိုးဝင်း(၁၃)နှစ် (ဘ) ဦးခေါင်းယိုင် တို့မှာ ဒဏ်ရာ ရရှိသွားသဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

“ မောင်ညီခန့်ရဲ့ ဦးခေါင်းနောက်စေ့ သွေးထွက် ဒါဏ်ရာ၊ နဖူး၊ ပါး၊ နှုတ်ခမ်း၊ ဒူးတို့တွင် ပေါက်ပြဲဒါဏ်ရာ ရရှိသွားပါတယ်။ စိုးရိမ်ရတဲ့ အတွက် အရေးပေါ်လူနာ အဖြစ် စစ်တွေဆေးရုံကို ယာဉ်တိုက်မှု ဖြစ်တဲ့ အောက်တိုဘာ ၃၀ နေ့ကတည်းက ပို့ဆောင်ခဲ့ရပါတယ်” ဟု ဦးဇော်ဝင်းက ပြောသည်။

၎င်းပြင် နောက်ထပ် ဒဏ်ရရှိသွားသူ မောင်စိုးဝင်းမှာလည်း ဝဲ/ယာ ဒူးခေါင်းနှင့် နားရွက်တို့တွင် ဒါဏ်ရာရရှိခဲ့ပြီး ကျောက်တော်ဆေးရုံသို့ ပထမ ပို့ဆောင်ခဲ့ပြီး အခြေနေမကောင်း၍ အောက်တိုဘာ ၃၁ ရက်နေ့တွင် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ ထပ်မံရွှေ့ပြောင်းလိုက်ရကြောင်း ဦးဇော်ဝင်းက ပြောကြားသည်။

ကားမောင်းသူ မောင်ကြီးမှာ ယခုအခါ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ သူ့အား ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း ဒုရဲမှူး စိုးလွင်မှ ပြောဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ကျောက်တော်မြို့ နှင့် ၅ မိုင် ခန့် အကွာ ရန်ကုန်-စစ်တွေ ကားလမ်းမကြီး မိုင်တိုင် အမှတ် (၁၃၂/၃)နှင့် (၁၃၃/၆) ကြား နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
သရက်တစ်ပင်တွင် ကားတိုက်ခံရသည့် ကျောင်းသား ၂ဦးကို ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင် သရက်တစ်ပင်တွင် ကားတိုက်ခံရသည့် ကျောင်းသား ၂ဦးကို ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင် Reviewed by THITHTOOLWIN on 10:56 Rating: 5
Powered by Blogger.