ဒေါက်တာအေးမောင် ရခိုင်အမျိုးသား ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်က နုတ်ထွက်ခွင့်တင်


ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပါတီတာဝန်နဲ့ ပါတီဝင်အဖြစ်က နုတ်ထွက်ခွင့်ပြုဖို့ နိုဝင်ဘာ (၂၇)ရက်က ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဆီကို စာတင်တယ်လို့ သိရပါတယ်။

 ဒေါက်တာအေးမောင်ဟာ (ANP)ပါတီဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း (ANP) ပါတီထဲမှာ ခေါင်းဆောင်တွေ အချင်းချင်း မညီညွတ်တာ၊ ပါတီအစည်းအဝေးတွေနဲ့ အစည်းအဝေးပြင်ပတွေမှာ ပါတီဝင်အချို့က နည်းမျိုးစုံနဲ့ တိုက်ခိုက်တာ၊ လူမှုမီဒီယာတွေမှာ အုပ်စုဖွဲ့စော်ကားတာတွေကြောင့် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းအပိုဒ်(၆၅)အရ ပါတီတာဝန်နဲ့ ပါတီဝင်အဖြစ်က နုတ်ထွက်ဖို့ စာတင်တာဖြစ်တယ်လို့ သူ့တင်ပြစာထဲမှာ ဖော်ပြထားပါတယ်။

 ဒါ့အပြင် ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌလစ်လပ်နဲ့ ခန့်ထားရေးဖြစ်စဉ်မှာ ပါတီကရည်ရွယ်သူကို ခန့်အပ်ခံရမှု မရှိတဲ့ဖြစ်စဉ်၊ စစ်တွေမြို့နယ်ပါတီအတွင်း ပြိုကွဲနေတဲ့ဖြစ်စဉ်တွေကြောင့် နုတ်ထွက်ရတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။


 ပါတီကနေနုတ်ထွက်သွားပေမယ့် ရခိုင်အမျိုးသားရေးတာဝန်တွေကို အမျိုးသားရေးဝါဒီတွေနဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သူ့ရဲ့ ပါတီဝင်အဖြစ်က နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။

 ဒေါက်တာအေးမောင်ဟာ (၂၀၁၀)ခုနှစ်က ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကို ထူထောင်ပြီး ကိုယ်တိုင်လည်း ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရသူဖြစ်ခဲ့ပါတယ်။

 ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ပြည်နယ်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်ပါတယ်။

 ဒေါက်တာအေးမောင်ဟာ မူလက RNDP ပါတီဥက္ကဋ္ဌဖြစ်ပြီး နောက်ပိုင်း ALD ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းထားတဲ့ ANP ရခိုင်အမျိုးသားပါတီမှာလည်း လက်ရှိအချိန်ထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဒေါက်တာအေးမောင် ရခိုင်အမျိုးသား ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်က နုတ်ထွက်ခွင့်တင် ဒေါက်တာအေးမောင် ရခိုင်အမျိုးသား ပါတီတာဝန်နှင့် ပါတီဝင်အဖြစ်က နုတ်ထွက်ခွင့်တင် Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.