သိမ်းကျုံး ပိတ်ဆို့ဒဏ်ခတ်ဖို့ အစီအစဉ်မရှိကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

( အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ် ) Photo: Myanmar State Counsellor Office
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်ပေမယ့် မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ သိမ်းကျုံးပြီး အရေးယူဖို့ အစီအစဉ် မရှိကြောင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။

ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုကိုမြင်ချင်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ ရှုမြင်ထားပါတယ်လို့ Rex Tillerson က ပြောပါတယ်။ ဒါ့အပြင် ပိတ်ဆို့အရေးယူမှုတွေ လုပ်လိုက်ပြီးတာနဲ့ ဖြစ်နေတဲ့ပြသနာတွေ ပြီးသွားမဟုတ်ပါဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ BROUK အဖွဲ့ ဥက္ကဌ ဦးထွန်းခင်ကတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ရေးအတွက် အမေရိကန်လွှတ်တော်ရဲ့ ဖိအားကို ဆက်လက်စောင့်ကြည့်ရလိမ့်မယ်လို့ ပြောပါတယ်။

“အခုထိတော့ ပြောဖို့ စောပါသေးတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒါကြီးကတော့ တေလာဆန် တစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ အနေအထားမှာ မရှိပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဟိုမှာ ဆီးနိတ်ကွန်ဂရက်စ်က တကယ်ကို မူကြမ်းတွေ အခုတင်ထားတယ်၊ အဲဒီ ဆုံးဖြတ်ချက်တွေ အောင်မြင်တယ်ဆိုရင်တော့ သူတို့အနေနဲ့ ဆက်ပြီးတော့ တစ်ခုခုတော့ ဖိအားပေးမှုတွေ ဖြစ်လာဖို့ များပါတယ်”

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ပူးတွဲသတင်းစာရှင်း လင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးလုပ်မှတော့ လောကဒဏ်တွေကို ရင်ဆိုင်ရတာဟာ အထူးအဆန်းမဟုတ်ကြောင်းနဲ့ တာဝန်ယူတဲ့သူတိုင်း ရင်ဆိုင်ရမယ့်ကိစ္စတွေဖြစ်တယ်လို့ ပြောပါတယ်။

"အရင်က ပြည်တွင်းနဲ့ ပြည်ပကပါ တိုက်ခိုက်ကြတယ်၊ အခုဆိုရင် ပြည်တွင်းက ပြည်သူတွေက ပိုနားလည်မှုပေးကြတယ်၊ ပြည်ပက တိုက်ခိုက်ကြတယ်၊ နိုင်ငံရေးလုပ်မှတော့ အဲဒီလို တိုက်ခိုက်မှုတွေဟာ နေ့စဉ်ကြုံတွေ့ရမယ့်ကိစ္စတွေဖြစ်တယ် တာဝန်ယူထမ်းဆောင်တဲ့သူတိုင်း ရင်ဆိုင်ရမယ့်ကိစ္စလို့ စိတ်ထဲမှာထားပါတယ်”

နိုင်ငံတကာအသိုင်းအ၀ိုင်းက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရေငုံနှုတ်ပိတ်နေတယ်ဆိုပြီး ပြစ်တင်ဝေဖန်နေကြသလို အမေရိကန်လွှတ်တော်ကလည်း မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို တစ်ဦးချင်း ပစ်မှတ်ထားအရေးယူဖို့ ဥပဒေပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ကူညီသွားမယ်လို့ ထပ်မံကတိပေးလိုကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့၊ ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဖို့ တိုက်တွန်းလိုကြောင်းလည်း မစ္စတာ တေလာဆန်က ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးအတွက် အမေရိကန်အစိုးရက နောက်ထပ်အမေရိကန်ဒေါ်လာ ၄၇သန်းအကူအညီပေးမှာဖြစ်ပြီး ပြီးခဲ့တဲ့သြဂုတ်လကနေစပြီး အမေရိကန်ရဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှုအကူအညီဟာ အမေရိကန်ဒေါ်လာ ၈၇သန်းရှိပြီဖြစ်တဲ့အကြောင်း အမေရိကန်သံရုံးက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်သူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူဖို့ကိုလည်း ဆောင်ရွက်နေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သိမ်းကျုံး ပိတ်ဆို့ဒဏ်ခတ်ဖို့ အစီအစဉ်မရှိကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား သိမ်းကျုံး ပိတ်ဆို့ဒဏ်ခတ်ဖို့ အစီအစဉ်မရှိကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.