အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် ပိုင်ရှင်မဲ့စပါး ဧကပေါင်း ၈ သောင်းနီးပါးခန့်ရှိဟု ရခိုင်ပြည်နယ်အစိုးရပြော


စစ်တွေ၊ နိုဝင်ဘာ ၂၁

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ် ၃ ခုတွင် ပိုင်ရှင်မဲ့စပါးဧကပေါင်း ၈ သောင်းနီးပါးခန့်ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ရသေ့တောင်မြို့နယ်တွင် ပိုင်ရှင်မဲ့စပါး ဧက ၄,၉ဝဝ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ဧက တစ်သောင်းကျော်နှင့် မောင်တောမြို့နယ်တွင် ဧက ၆၅,ဝဝဝ ကျော်ရှိကြောင်း ရခိုင်ပြည်နယ်အ စိုးရအဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က နိရဉ္စရာသို့ ပြောသည်။

"ဒီ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ရိတ်သိမ်းသူမဲ့နေတဲ့ စပါးတွေ၊ ရိတ်သိမ်းသူမဲ့တယ် ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ဒါဟာ ဘင်္ဂါလီလို့မဟုတ်ဘူး။ ကျွန်တော်တို့က တိုင်းရင်းသားတွေလည်းပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ၊ ကျွန်တော်တို့ တိုင်းရင်းသား တွေမှာ တစ်ခါ၊ မျိုးနွယ်စုတွေရဲ့လယ်တွေလည်း ပါကောင်းပါနိုင်ပါတယ်။ ရိတ်သိမ်းသူမဲ့နေတဲ့ လယ်တွေအကုန်လုံးကို ကျွန်တော်တို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကတော့ အလေအလွင့်မရှိအောင် ဒီဟာတွေကို စီစဉ်ဆောင်ရွက်နေပါတယ် "ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။

အဆိုပါစပါးများကို ပြည်နယ်အစိုးရအစီအစဉ်ဖြင့် အောက်တိုဘာလမှစတင်ကာ (၃)လနှင့်အပြီး ရိတ်သိမ်းပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ရိတ်သိမ်း၍ရရှိလာသည့်စပါးများကို ဝယ်ယူသူရှိပါက ရောင်းချသွားမည်ဖြစ်ပြီး ရောင်း၍ ရလာသည့်ငွေကြေးများကို နိုင်ငံတော်ဘဏ္ဍာထဲသို့ထည့်သွင်းသွားမည်မဟုတ်ဟုလည်း အစိုးရက နိုဝင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

"ရောင်းချပြီးတော့ ရလာတဲ့ငွေတွေကို ကျွန်တော်တို့အစိုးရအဖွဲ့ကမကိုင်ပါဘူး။ ကျွန်တော်တို့ ဒီဟာကို မြန်မာနိုင်ငံအစိုးရက တရားဝင်ဖွင့်ထားတဲ့ ဘဏ်မှာပဲ ကျွန်တော်တို့ ငွေစာရင်း ခေါင်းစဉ်ဖွင့်ပြီးတော့ တရားဝင် ကျွန်တော်တို့ တိုက်ရိုက် သွင်းထားမှာဖြစ်ပါတယ်"ဟု ဝန်ကြီး ဦးကျော်လွင်က ပြောဆိုသည်။

ရောင်းချ၍ရလာသည့်ငွေကြေးများကို ပိုင်ရှင်ပေါ်လာသည့်အခါ ပိုင်ဆိုင်မှုနှင့် တိုက်ဆိုင် စစ်ဆေးကာ ပြန်လည်ပေးအပ်သွားမည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ရိတ်သိမ်းထားသည့် စပါးများအနက် စပါးတင်းပေါင်း ၁ဝ သိန်းအတွက် တစ်တင်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဒေါ်လာနှုန်းဖြင့်ရောင်းချရန် မောင်တောက ကုန်သည် တစ်ယောက်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ သဘောတူစာချုပ်ချုပ်ဆိုထားပြီဖြစ်သည်။

(ဓာတ်ပုံ - အာကာမိုး)
မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara-151742128171206
အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် ပိုင်ရှင်မဲ့စပါး ဧကပေါင်း ၈ သောင်းနီးပါးခန့်ရှိဟု ရခိုင်ပြည်နယ်အစိုးရပြော အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် ပိုင်ရှင်မဲ့စပါး ဧကပေါင်း ၈ သောင်းနီးပါးခန့်ရှိဟု ရခိုင်ပြည်နယ်အစိုးရပြော Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.