အစိုးရစစ်ကြောင်း တပ်မ ၈၈ ကောင်းခေရွာ အိမ်များကို ဝင်ရောက်စစ်ဆေး ပစ္စည်းနှင့် ငွေများ ယူဆောင်သွားဟု သိရ


နိုဝင်ဘာ ၇ ရက်၊ မားနဂါး၊ နမ့်ခမ်း။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေရွာတွင် အစိုးရစစ်ကြောင်း တပ်မ ၈၈ အဖွဲ့မှ ကျေးရွာအတွင်း တအာင်းတပ်မတော်နှင့် ဆက်စပ်သည့် စစ်လက်နက်အချို့နှင့် တအာင်းတပ်စစ်ယူနီဖောင်းတချို့ ရှာဖွေတွေ့ရှိပြီး နောက် အိမ်တိုင်းစေ့ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဒေသခံများ၏ ငွေနှင့် ဆန်များကိုလည်း အဓမ္မ ယူဆောင် သွားကြောင်း သိရသည်။

ကောင်းခေ ဒေသခံအမျိုးသားတစ်ဦးက “ရွာထဲမှာ သေနတ်တွေနဲ့ စစ်ဝတ်စုံတွေ့မိတယ်လို့ ပြောတယ်။ အဲဒါနဲ့ အိမ်တိုင်း မသင်္ကာမှုနဲ့ ဝင်စစ်တယ် ပစ္စည်းတွေကို မွှေထားတယ်။ အိမ်သုံးပစ္စည်း စောင်တို့ ငွေတို့ ယူသွားတယ် ဆန်လည်း ယူတယ်။ အခု စာရင်းကောက်ယူနေတယ် ဘယ်အိမ်မှာ ဘာပျောက်တယ် ဘယ်လောက်ပျောက် တယ်ဆိုတာတော့ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၌ အဆိုပါ စစ်ကြောင်းက ရွာအတွင်းဝင်ရောက်လာပြီး အောက်တိုဘာ ၂၇ ရက်တွင် လက်နက်ခဲယမ်းအချို့ ဖမ်းဆီးရမိပြီးနောက် နိုဝင်ဘာ၂ ရက်အထိ အိမ်တိုင်းမွှေနှောက်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒေသခံများကြောက်လန့်ကာ အချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်ရသည့် ကောင်းခေဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာထဲမှာ မနေရဲဘူး သူတို့ နေ့တိုင်း စစ်ဆေးတယ်။ ယောင်္ကျားလေးတွေ ပိုဆိုးတယ် တအားစစ်တော့ မနေရဲကြတော့ဘူး။ ယောက်ျားလေးတွေ အကုန်လုံး ထွက်ပြေးကုန်ကြတယ်” ဟု ပြောသည်။

အစိုးရတပ်မတော်များသည် တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးရာတွင် စာသင်ကျောင်းနားရှိ အိမ်များ ဝင် ရောက်စစ်ဆေးသည့် တပ်မတော်သားများက ကျောင်းတက်နေသည့်ကလေးငယ်များအား ခြိမ်းခြောက်မှုများ ပြုလုပ် နေသောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်ရဲကြတော့ဘဲ စာသင်ကျောင်းပိတ်ခဲ့ရသည်ဟုလည်း သိရသည်။

ကောင်းခေကျောင်းအနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက “အိမ်တွေလိုက်စစ်တယ် စာသင်ကျောင်းနား ရောက်တော့ ကျောင်းသားတွေကိုလည်း ခြောက်တာပေါ့။ ကလေးတွေလည်း ကျောင်းမသွားရဲတော့ဘူး အဲနေ့က တည်းက ကျောင်းပိတ်လိုက်ရတယ် အခုထိ မဖွင့်သေးဘူး” ဟု နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။

အဆိုပါ အစိုးရစစ်ကြောင်းအဖွဲ့သည် နိုဝင်ဘာ ၄ ရက်တွင် ကျေးရွာမှ ထွက်ခွာသွားပြီးနောက်ပိုင်း ထွက်ပြေးတိမ်း ရှောင်သူအချို့ ရွာသို့ ပြန်လည်ရောက်ရှိကြပြီ ဖြစ်သော်လည်း အချို့မှာ မပြန်ရဲသေးသည့်သူများလည်း ရှိနေကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က “အဲဒီကိစ္စကို ကျနော်တို့ လွှတ် တော်ကိုယ်စားလှယ်တွေအချင်းချင်း အလွတ်သဘောဆွေးနွေးထားတယ်။ အခုလောလောဆယ် ကျနော်လည်း တောင်ကြီးမှာ လွှတ်တော်တက်နေတယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း နေပြည်တော်မှာဆိုတော့ ရွာ သားတွေအကူအညီတောင်းလာတာ ဘာမှမလုပ်နိုင်သေးဘူး။ အစိုးရစစ်ကြောင်းက တအာင်းကလေးတွေကို လမ်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ် မသင်္ကာမှုနဲ့စစ်ဆေးတယ် ပြန်မလွတ်ပေးဘူး သူတို့မိဘတွေက စိတ်ပူတယ် ကျနော်တို့ ဆီတိုင်ကြားလာတယ် ကျနော်တို့က ရှေ့တန်းဌာနချုပ် စခန်းကို လှမ်းမေးလိုက်လည်း သူတို့ဆီမရောက်သေးဘူးတဲ့ ကလေးက စစ်ကြောင်းထဲမှာ ကျနော်တို့လည်း ကွင်းမဆင်းဖြစ်သေးလို့ အတည်ပြုချက်ရဖို့က ခက်တယ်” ဟု နိုဝင် ဘာ ၇ ရက်တွင် မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

“အဲဒီကလေးတွေအားလုံးက တအာင်းတပ်သားတွေ မဟုတ်ပါဘူး စစ်တာတော့ မပြောလိုဘူး စစ်ပြီးမဟုတ်ရင် ပြန် လွှတ်ပေးသင့်တယ် ၄၊ ၅ ရက် တစ်ပါတ်ထိ သူများကလေးတွေခေါ်ထားတော့ သူတို့မိဘတွေက စိတ်ပူတာပေါ့။ ဒါမျိုး တော့ မဖြစ်သင့်ဘူး။ အခြေအနေဆိုးလာရင် ကျနော်တို့ လွှတ်တော်ကို ခွင့်တိုင်ပြီး ပြန်ပြီးတော့ ကွင်းဆင်းမယ် ခံစား နေရတဲ့ ပြည်သူတွေဆီကို တိုက်ရိုက်သွားတွေ့မယ် ဘယ်လိုလုပ်သင့်သလဲဆိုတာတော့ အခြေအနေ အတိအကျသိ မှပဲ ပြောနိုင်မှာဖြစ်တယ်” ဟု ဦးအေးမောင်က ဆက်ပြောသည်။

Photo- Local Youth
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
အစိုးရစစ်ကြောင်း တပ်မ ၈၈ ကောင်းခေရွာ အိမ်များကို ဝင်ရောက်စစ်ဆေး ပစ္စည်းနှင့် ငွေများ ယူဆောင်သွားဟု သိရ အစိုးရစစ်ကြောင်း တပ်မ ၈၈ ကောင်းခေရွာ အိမ်များကို ဝင်ရောက်စစ်ဆေး ပစ္စည်းနှင့် ငွေများ ယူဆောင်သွားဟု သိရ Reviewed by THITHTOOLWIN on 16:15 Rating: 5
Powered by Blogger.