ရခိုင်အရေးတုံ့ပြန်မှု ကန် သတိကြီးကြီးထားသုံးသပ်မည်

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်း။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပမ်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောဆိုလိုက်ပေမဲ့၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ သိမ်းကျုံးပြီး အရေးယူဖို့ အစီအစဉ် မရှိကြောင်း ပြောဆိုလိုက်ပါတယ်။

"အခုအချိန်မှာ မြန်မာနိုင်ငံအပေါ် တနိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ တိုက်တွန်းမှာ မဟုတ်ကြောင်းနဲ့၊ မြန်မာနိုင်ငံ အောင်မြင်မှုရတာကို မြင်တွေ့လိုတဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ ရှုမြင်ထားသလို၊ လူထုအတွက် အလုပ်အကိုင်နဲ့ စီးပွားရေး အခွင့်အလန်းတွေရရှိဖို့ လိုအပ်နေကြောင်းမှာ ရခိုင်အရေးကြောင့် စီးပွားအရ ပိတ်ဆို့တာဟာ အထောက်အကူ မဖြစ်နိုင်ကြောင်း" ၀န်ကြီး Tillerson ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ အထောက်အထား အချက်အလက်တွေအပေါ် မူတည်စဉ်းစားသွားမှာ ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

နေပြည်တော်မှာပဲ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ၀န်ကြီး Tillerson တွေ့ဆုံခဲ့ပြီး၊ ရခိုင်ပြည်နယ်က အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ထွက်ပြေးနေတဲ့ အခြေအနေတွေနဲ့ ပြန်လည် လက်ခံနိုင်ရေး ကိစ္စတွေ၊ စာနာမှု အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ နေ့ချင်းပြန် မြန်မာနိုင်ငံခရီးစဉ်မှာပဲ ရခိုင်ပြည်နယ်အရေး အမေရိကန်က ဒေါ်လာ ၄၇ သန်း အကူအညီပေးဖို့လည်း ကတိပြုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရခိုင်အရေးတုံ့ပြန်မှု ကန် သတိကြီးကြီးထားသုံးသပ်မည် ရခိုင်အရေးတုံ့ပြန်မှု ကန် သတိကြီးကြီးထားသုံးသပ်မည် Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.