ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ မာ့ခဲလ်မစွမ်းနိုင် ဖြစ်နေ

 မာ့ခဲလ်ခေတ် ကုန်ဆုံးသွားမယ့် အခြေအနေမျိုးထိ ရောက်လာနိုင်
ဂျာမနီနိုင်ငံမှာ ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ စကားပြော နေကြတာတွေ ထဲကနေ FDP ပါတီ နှုတ်ထွက် သွားတဲ့ အတွက် ၊ ဆွေးနွေးပွဲ ပျက်သွားပြီး ဝန်ကြီးချုပ် မာ့ခဲလ်ရဲ့ နိုင်ငံရေး အနာဂတ် မရေမရာ ဖြစ်သွားပါတယ်။

မစ္စစ် မာ့ခဲလ်ရဲ့ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီ အင်အားစု ဦးဆောင်လို့ စိမ်းလန်းရေး ဂရင်းပါတီ အပါအဝင် နိုင်ငံရေး ပါတီတွေ ပူးပေါင်းပြီး အစိုးရဖွဲ့ကြမလား ဆိုတာကို သီတင်းလေးပတ်ကြာ ဆွေးနွေး နေရာကနေ ဈေးကွက်လွတ်လပ်မှုကို အားပေးတဲ့ FDP လစ်ဘရယ် ပါတီ နှုတ်ထွက် သွားတာ ဖြစ်ပါတယ်။

ဆွေးနွေး နေခဲ့ကြသူတွေ ရဲ့ အကြား ယုံကြည်မှု အခြေခံ ရှိမနေဘူးလို့ FDP ခေါင်းဆောင် ခရစ္စတန် လင်ဒ်နာက ပြောပါတယ်။

အခုလို အစိုးရတစ်ရပ် ပေါ်ပေါက် မလာနိုင် ဖြစ်ရတာဟာ ဂျာမနီ အနေနဲ့ မကြုံစဖူး အခြေအနေမျိုး တွေ့ကြုံရတာ ဖြစ်တယ်လို့ သမ္မတ ဖရန့် ဗော်လ်တာ ရှိတိုင်းမိုင်ယာက ပြောပါတယ်။

ပါတီ အားလုံးနဲ့ တွေ့ဆုံ သွားမယ်လို့ သမ္မတပြော
သူ့အနေနဲ့ နိုင်ငံရေး ပါတီ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့လည်း သမ္မတက ဆိုပါတယ်။

မစ္စစ် မာ့ခဲလ်ကလည်း ဆွေးနွေးပွဲ ပျက်သွားရတဲ့ အတွက် အင်မတန် ဝမ်းနည်းရကြောင်း အစောပိုင်းတုန်းက ပြောထားပါတယ်။

မစ္စစ် မာ့ခဲလ် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုဟာ စက်တင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အစိုးရ ဖွဲ့နိုင်လောက်အောင် မပြည့်မှီခဲ့တဲ့ အတွက် ညွန့်ပေါင်း ဖွဲ့ဖို့ ကြိုးစား နေရတာ ဖြစ်ပါတယ်။

အစိုးရတစ်ရပ် ပေါ်ပေါက်လာအောင် မစွမ်းဆောင် နိုင်ရင် မစ္စစ် မာ့ခဲလ် အနေနဲ့ ဝန်ကြီးချုပ် နေရာကို စွန့်လွှတ်ရဖွယ် ရှိတဲ့ အတွက်၊ မာ့ခဲလ်ခေတ် ကုန်ဆုံးသွားမယ့် အခြေအနေမျိုးထိ ရောက်လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ မာ့ခဲလ်မစွမ်းနိုင် ဖြစ်နေ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ မာ့ခဲလ်မစွမ်းနိုင် ဖြစ်နေ Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.