ထားဝယ်အမျိုးသား တပ်မတော် ယူနီဖောင်းဝတ်သဖြင့် ခံဝန်ထိုးရ

ဓာတ်ပုံ - ထားဝယ်အမျိုးသားညီလာခံ အခမ်းအနား တွင်တွေ့ရသော ထားဝယ်အမျိုးသား တပ်မတော်
| Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၂၃

ထားဝယ်အမျိုးသား ညီလာခံသို့ ယူနီဖောင်းဝတ်ကာ အခမ်းအနား တက်ရောက်ခဲ့သည့် ထားဝယ် အမျိုးသားတပ်မတော် ဆိုသည့် အဖွဲ့ကို ယင်းကဲ့သို့ နောက်ထပ်မလုပ်ရန် ခံဝန်ထိုးခိုင်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်သည့် ထားဝယ်အမျိုးသားညီလာခံသို့ တူညီဝတ်စုံများ ၀တ်ကာ တက် ရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခုကဲ့သို့ ၀တ်ဆင်ထားသည့်အတွက် ခေါ်ယူတားမြစ်ရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

ထားဝယ်အမျိုးသားတပ်မတော် ငြိမ်းချမ်းရေးအဖွဲ့ဟူသည့် အဖွဲ့မှာ လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်က လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်ပြီး ရဲတပ်ဖွဲ့က မတားမြစ်ခင်အချိန်ထိ ထားဝယ်မြို့ ဇလွန်းကျေးရွာတွင် အခြေစိုက်သည်။

“ဘယ်သူမှ ခွင့်ပြုထားတာမရှိဘူး၊ ထားဝယ် တပ်မတော်ဆိုတာလည်း မရှိဘူး၊ အဲဒါက လက်နက်ချခဲ့ပြီးပြီ၊ လက်နက်ချပြီးတဲ့ အဖွဲ့အစည်းတစ်ခုက ယူနီဖောင်းဝတ်ခွင့် မရှိတော့ဘူး”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

နောက်ထပ် ထပ်မံလုပ်ဆောင်မည်ဆိုပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းနေ့တွင်ပင် ယူနီဖောင်း ၂၈ စုံ၊ အလံ၊ စည်းတံဆိပ်များကို ပြန်အပ်ခဲ့ပြီး ဇလွန်ကျေးရွာတွင် အုတ်ခုံဖြင့်ပြုလုပ်ထားသည့် ဆိုင်းဘုတ်ကိုလည်း ဖြိုဖျက်လိုက်ပြီဖြစ်ကြောင်း ထားဝယ်အမျိုးသားတပ်မတော် ငြိမ်းချမ်းရေးအဖွဲ့ဆိုသည့် အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဦးစိုးအောင်က ဆိုသည်။

အဖွဲ့အစည်း အမည်သုံးပြီး မလုပ်ဆောင်ရန် ပြောဆိုထားသည့်အတွက် မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်တော့မည် မဟုတ် ကြောင်း ၎င်းက ပြောသည်။

“လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခြင်းသာ ဖြစ်တယ်၊ ယူနီဖောင်းနဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တာ မဟုတ်လို့ ၀တ်ဖြစ်တာပါ”ဟု ဦးစိုးအောင်က ဆိုသည်။

ယင်းနေ့က ဖြစ်စဉ်အတွက် အမှုဖွင့် အရေးယူခဲ့ခြင်းမရှိဘဲ ခံဝန်လက်မှတ်ကို နှစ်ကြိမ်ထိုးခိုင်းကာ ပြန်လွှတ်လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်အမျိုးသားတပ်မတော်ဆိုသည့်အဖွဲ့သည် ယခုနှစ် အာဇာနည်နေ့အပါအ၀င် အခမ်းအနားအချို့ကို တူညီယူနီဖောင်းများဖြင့် တက်ရောက်ခဲ့ဖူးသည်။

Dawei Watch
https://www.facebook.com/DaweiWatch
ထားဝယ်အမျိုးသား တပ်မတော် ယူနီဖောင်းဝတ်သဖြင့် ခံဝန်ထိုးရ ထားဝယ်အမျိုးသား တပ်မတော် ယူနီဖောင်းဝတ်သဖြင့် ခံဝန်ထိုးရ Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.