ဘောလုံးကစားတဲ့ မြန်မာလုပ်သား ၁၈ ဦး ဒဏ်ငွေပေးဆောင်ရ

ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၁၈ ယောက်ကို တွေ့ရစဉ်။ Photo: Ye Min (facebook)
ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ အလုပ်နားရက် ဘောလုံးကစားနေတဲ့ မြန်မာလုပ်သား ၁၈ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တစ်ဦးကို ထိုင်းဘတ်ငွေ တစ်ထောင်စီ ဒဏ်ငွေချမှတ်လိုက်တယ်လို့  အဲဒီအမှုကို ကူညီပေးခဲ့တဲ့ မဟာချိုင်မြို့အခြေစိုက် AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

မနေ့က အလုပ်ပိတ်ရက်မှာ ဘောလုံးကစားနေတဲ့ မြန်မာလုပ်သားတွေနဲ့ ဘေးမှာထိုင်ကြည့်နေတဲ့ သူတွေရော အပါအ၀င် ၁၈ ယောက်ကို လောင်းကစားလုပ်နေတယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ ကိုရဲမင်းကပြောပါတယ်။

"လောင်းကစားမှုဆိုတာမျိုးနဲ့ ဒဏ်ငွေရိုက်တာပေါ့နော်၊တရားရုံးမှာ၊ တရားရုံးတက် လက်မှတ်ထိုးပြီးတော့ ဒဏ်ငွေရိုက်တယ်ဗျာ၊ တစ်ယောက် တစ်ထောင်ပေါ့ ဒဏ်ငွေရိုက်တာ၊ ထိုင်ကြည့်နေတဲ့သူတွေကိုပါ ခေါ်သွားပြီးတော့ သူတို့က ဖမ်းဆီးသွားတာ ၊ဒါသူတို့လုပ်နေကျပါ တနင်္ဂနွေနေ့ဆို မြန်မာပြည်သားတွေ ဘယ်နေရာမှာ ခြင်းခတ်လဲ၊ ဘယ်နေရာမှာ ဘောလုံးကန်လဲ လိုက်ပြီးသက်သက်ကိုရှာပြီးတော့ကို သူတို့က လိုက်ဖမ်းတယ်"

ထိုင်းရဲတပ်ဖွဲ့က အခုလို ဖမ်းဆီးတာမျိုးတွေ မကြာခဏလုပ်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း မဟာချိုင်မြို့မှာ ပိုက်ကျော်ခြင်းကစားနေတဲ့ မြန်မာလုပ်သားတွေကို လောင်းကစားပြု လုပ်နေတယ်ဆိုပြီး ထိုင်းရဲက ဖမ်းဆီးတာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘောလုံးကစားတဲ့ မြန်မာလုပ်သား ၁၈ ဦး ဒဏ်ငွေပေးဆောင်ရ ဘောလုံးကစားတဲ့ မြန်မာလုပ်သား ၁၈ ဦး ဒဏ်ငွေပေးဆောင်ရ Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.