လားရှိုးမြို့ အမှတ်(၅)ရပ်ကွက်အတွင်း ချုံပုတ်ထဲမှ အမည်မသိ အမျိုးသားလောင်းတစ်လောင်း တွေ့ရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်း ရေကန်တောင်ပေါ်ရှိ လမ်းနံဘေးတွင် အမည်မသိ လူသေအလောင်းတစ်လောင်းအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရသဖြင့် ရင်ခွဲရုံသို့ ပို့ဆောင် စစ်ဆေးကာ သေမှုသေခင်းအဖြစ် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

"တွေ့တာကတော့ မနက်(၉)နာရီ(၁၅)မိနစ်လောက်မှာ တွေ့ရှိတာဖြစ်ပါတယ်၊ သေဆုံးသူ မည်သူမည်ဝါဆိုတာကိုတော့ စစ်ဆေးစုံစမ်းနေဆဲပဲ ရှိပါသေးတယ်၊ လောလောဆယ်တော့ အလောင်းကို ပြည်သူ့ဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်"ဟု လားရှိုးမြို့မရဲစခန်းမှ တာဝန်မှူးရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


သေဆုံးသူမှာ အမျိုးသားတစ်ဦးဖြစ်နေပြီး သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း နှင့် အဆိုပါ အလောင်းအား တောင်ပေါ်လမ်း နံဘေးတစ်နေရာရှိ ချုံပုတ်တစ်ခု အတွင်းက တွေ့ရှိရခြင်း ဖြစ်ကြောင်း ၎င်းထံက သိရသည်။

အမည်မသိအမျိုးသားသေဆုံးနေခြင်းနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၄၀/ ၂၀၁၇ )ဖြင့် အမှုဖွင့်ထားကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်တွင် နံနက်ပိုင်းအချိန် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများ လမ်းလျှောက်အားကစား ပြုလုပ်သူများသာ သွားလာတတ်ပြီး ယခုကဲ့သို့ လူသေမှုမှာ ဖြစ်လေ့ဖြစ်ထမရှိကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရှိရသည်။

သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း
Tachileik News Agency
http://www.tachileik.net
လားရှိုးမြို့ အမှတ်(၅)ရပ်ကွက်အတွင်း ချုံပုတ်ထဲမှ အမည်မသိ အမျိုးသားလောင်းတစ်လောင်း တွေ့ရှိ လားရှိုးမြို့ အမှတ်(၅)ရပ်ကွက်အတွင်း ချုံပုတ်ထဲမှ အမည်မသိ အမျိုးသားလောင်းတစ်လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.