အသစ်ခန့်အပ် ပြည်ထောင်စုဝန်ကြီး ၂ ဦးနဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ကျမ်းသစ္စာကျိန်ဆို

ပြည်ထောင်စုလွှတ်တော် နေပြည်တော်။
ဝန်ကြီးဌာနသစ်၂ခုအတွက် ပြည်ထောင်စုဝန်ကြီး ၂ဦးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပါအဖွဲ့ဝင်တို့ လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ အစိုးရ ယန္တယားလည်ပတ်မှုနဲ့ပတ်သတ်လို့ အစိုးရ လုပ်ငန်းစဉ်တွေ ပြန်လည် သုံးသပ် သင့်နေပြီလို့ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းကမေခပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနသစ်၂ခုအတွက် ပြည်ထောင်စုဝန်ကြီး ၂ဦးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပါအဖွဲ့ဝင်တို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒီလိုဝန်ကြီးဌာန အသစ်တွေနဲ့ ကော်မရှင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ကြာသပတေးနေ့က ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက် တာပါ။

ရခိုင်အရေးကိစ္စနဲ့ နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေ ရချိန်မှာပဲ ဒီဖိအားတွေကို ဖြေရှင်းနိုင်ဖို့ နဲ့ အစိုးရ ယန္တယား ပိုမို လည်ပတ်နိုင်ဖို့ ဌာနသစ် ၂ ခုတိုးချဲ့တာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ပြောပါတယ်။

အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဆိုပြီး အသစ်ထပ်တိုးတာမှာ ၀ါရင့်သံတမန်ဟောင်းတွေဖြစ်ကြတဲ့ ဦးသောင်းထွန်းနဲ့ ဦးကျော်တင်က ပြည်ထောင်စုဝန်ကြီးအနေနဲ့ တာဝန်ယူမှာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုတော့ အရင် ပြန်ကြားရေးဝန်ကြီးဟောင်း လည်းဖြစ် အငြိမ်းစားတပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးအောင်ကြည်ကို ဥက္ကဌ အနေနဲ့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သတ်လို့ ဆွေးနွေးတာမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အရင်ဝန်ကြီးဟောင်း ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက လက်ရှိ အစိုးရ အနေနဲ့ လုပ်ငန်းတာဝန်များနေတဲ့ အခြား ဝန်ကြီးဌာနတွေရဲ့ အခြေအနေကို အမြန်ဆုံးသုံးသပ်ဖို့အပါအဝင် NLD အစိုးရရဲ့ လုပ်ဆောင် မှုတွေပြန်သုံးသပ်ဖို့ ကို ထောက်ပြပြောဆိုသွားပါတယ်။

လွှတ်တော်မှာ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောဆိုခဲ့တာတော့ တိုးချဲ့မယ့် ဝန်ကြီးဌာန ၂ခု လုပ်ဆောင် မယ့် လုပ်ငန်းစဉ်တွေက ပြည်သူတွေအတွက်ပိုမိုထိရောက်စေဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနဖွဲ့လိုက်တဲ့ အတွက် အားသာချက်အပေါ် ဦးထွန်းထွန်းဦးက ခု တင်ပြခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဖွဲ့ရတာဟာ နိုင်ငံတကာဆက်ဆံရေးပိုမိုကောင်းဖို့ရည်ရွယ် သလို လက်ရှိရခိုင် ပြဿနာတွေမှာ နိုင်ငံတကာဘက်ကို ထိရောက်တဲ့ သတင်းမှန်ထုတ်နိုင်ဖို့အတွက်လည်း ရည်ရွယ် ကြောင်းပြည်ထောင်စု ရှေ့နေချုပ်က တင်ပြခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကလည်း အမှန်တကယ် လုပ်နိုင်သူတွေနဲ့ အစိုးရယန္တယားကို အကောင်းဆုံးမောင်းနှင်နိုင်ဖို့ လက်ရှိအစိုးရအနေနဲ့ လိုအပ်နေတယ်လို့ သုံးသပ် လိုက်ပါတယ်။

ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုပြီး ဖြစ်တာကြောင့် လက်ရှိ NLD အစိုးရလက်ထက်မှာအစိုးရ ဝန်ကြီးဌာန ၂၄ ခု ရှိလာပြီဖြစ်ပါတယ်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အသစ်ခန့်အပ် ပြည်ထောင်စုဝန်ကြီး ၂ ဦးနဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ကျမ်းသစ္စာကျိန်ဆို အသစ်ခန့်အပ် ပြည်ထောင်စုဝန်ကြီး ၂ ဦးနဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ကျမ်းသစ္စာကျိန်ဆို Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.