နေပြည်တော်က အချုပ်ထောင်ကို ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုမည်

နေပြည်တော်မှ ကြိုဆိုပါ၏ ဆိုင်းပုဒ်ကို တွေ့ရစဉ်
နေပြည်တော်မှာ အမှုရင်ဆိုင်နေရတဲ့သူတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လူ ၈၀၀ ကျော်ဆံ့တဲ့ အချုပ်ထောင်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုသွားမယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေကို ရမည်းသင်းထောင်ကို ပို့နေရတဲ့အတွက် လုံခြုံရေး ကျိုးပေါက်မှု စိုးရိမ်မှုမရှိရအောင် နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းအားကစားရုံအနီးမှာ နေပြည်တော် အချုပ်ထောင်ကို တည်ဆောက်ရတာ ဖြစ်တယ်လို့ အကျဉ်းစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။

"ဖမ်းဆီးခံရတဲ့သူတွေကို ရမည်းသင်းကို သွားပို့ရတယ်၊ သွားပို့ရတဲ့အခါကျတော့ ရုံးထုတ်ရုံးပြန်အတွက် ကဝေးတယ်၊ မနက်ထုတ်လိုက် ညနေကျတော့ ၈ နာရီ ၈ နာရီခွဲလောက်မှ ရောက်တယ် နောက်ကျတာပေါ့နော၊် အဲဒါလေးတွေ အခက်အခဲဖြစ်နေတော့ ဒါကြောင့်နေပြည်တော် အချုပ်ထောင် ဆောက်ဖြစ်သွားတယ်၊ သူအချုပ်ကျနေတဲ့ အချိန်တော့ နေပြည်တော်ထောင်မှာနေပေါ့၊ ပြစ်ဒဏ်ကျတဲ့အခါကျရင် ရမည်းသင်း ကိုပြောင်းမယ်၊ အဓိကကတော့ ဒီရမည်းသင်းနဲ့ ပျဉ်းမနားတို့ဘာတို့ သွားလာတဲ့ လမ်းခရီးမှာ လုံခြုံရေးကျိုးပေါက်မှု မရှိအောင် နောက်ပြီးတော့ မြစ်ကြီးနားမှာနေတဲ့လူ အချုပ်တွေ့မယ်ဆို အချုပ်ဒီနားမှာ နီးနီးနားနားရှိတယ၊် ထောင်ဝင်စာတွေ့ဆုံဖို့ လွယ်ကူအောင် အချုပ်ထောင်က လူတစ်ခါမှမထားသေးဘူး ဒါပထမဆုံး ဖြစ်မှာပေါ့"

နေပြည်တော် အချုပ်ထောင်ကို ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတည်းက တည်ဆောက်နေတာဖြစ်ပြီး လာမယ့်နှစ်မှာ စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အကျဉ်းသားဦးရေ တစ်ထောင်ဆံ့တဲ့ အကျဉ်းထောင် ၃ ခုကိုလည်း ဒိုက်ဦး၊ ကျိုက်မရောနဲ့ မိုးညှင်းတို့မှာ တည်ဆောက်ထားပြီး မိုးညှင်းထောင်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

ဆောက်လုပ်ပြီးသွားတဲ့ အကျဉ်းထောင် ၃ ခုအပါအဝင် လက်ရှိမြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၀ ကျော်ရှိနေပြီး အကျဉ်းသား ဦးရေ ၈ သောင်းကျော် ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
နေပြည်တော်က အချုပ်ထောင်ကို ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုမည် နေပြည်တော်က အချုပ်ထောင်ကို ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုမည် Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.