၁၇/၁ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် ချခံရသည့် ကျောင်းသားတစ်ဦးကို မန္တလေး လူငယ်အကျင့် စာရိတ္တပြုပြင်ရေးကျောင်းတွင် ပို့ထားမည်ဟု သိရ


နိုဝင်ဘာ ၁ ရက်၊ မားနဂါး၊ နမ့်ဆန်။

တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ထမ်းဆိုင်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ မိုင်းချိုမင်းထွေးကို မတရားအသင်းနှင့် ဆက်သွယ်ခြင်း ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ ကျောင်းသားကို ထောင်ဒဏ်ချမှတ်လိုက်ခြင်း မဟုတ်ဘဲ မန္တလေး လူငယ်အကျင့်စာရိတ္တပြုပြင်ရေးကျောင်းသို့ ပိုပြီး ထိန်းသိမ်းသွားမည်ဟု သိရသည်။

ကလေးသူငယ်ဥပဒေအရ မိုင်းချိုမင်းထွေး(ခ)မိုင်းအယန်းအား အသက်မပြည့်သေးသည့်အတွက်ကြောင့် ထောင် ၂ နှစ်ချခြင်း မဟုတ်ဘဲ မန္တလေးမြို့ လူငယ်အကျင့်စာရိတ္တပြုပြင်ရေးကျောင်းသို့ ၂ နှစ်ပို့ဆောင်ထားခြင်းသာ ဖြစ်သည်ဟု နမ့်ဆန်မြို့ မြို့နယ်တရားသူကြီးက ပြောသည်။
“ကလေးကို ထောင်ချလိုက်တာ မဟုတ်ဘူး။ ကျနော်တို့က လူငယ်ပြုပြင်ရေးသင်တန်းကျောင်းကို ၂ နှစ်နဲ့ ငွေဒဏ် ၁ဝဝဝ ချမှတ်လိုက်တာ ဖြစ်တယ်။ ၁၉ဝ၈ ခုနှစ် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ အရနဲ့ အမိန့်ချတာ ဖြစ်တယ်” ဟု နမ့်ဆန်မြို့နယ် တရားသူကြီး ဦးဇော်ဇော်ဦးက နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။
မိုင်းချိုမင်းထွေး(ခ)မိုင်းအိုက်ယန်းအား အောက်တိုဘာ ၅ ရက်တွင် အစိုးရတပ်မတော် တပ်မ ၇၇ မှ စစ်ဆေးခဲ့ရာ တအာင်းတပ်မတော်နှင့် ပတ်သက်သည့် သက်သေအထောက်အထားများ တွေ့ရှိသဖြင့် ဖမ်ဆီးခေါ်ဆောင်သွားကာ အောက်တိုဘာ ၂၅ ရက်တွင် သက်ဆိုင်ရာ ရဲလက်ထဲသို့ အပ်နှံပြီး တရားစွဲဆိုခဲ့ရာ အောက်တိုဘာ ၃ဝ ရက်တွင် အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် (မန်တုံမြို့နယ် အမှတ် - ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) မိုင်းသိန်းဇော်က “သံသယဝင်စရာတော့ ရှိတယ် ဘာဖြစ်လဲဆိုတော့ အဲဒီကလေးကို တပ်ထဲမှာ ၂ဝ ရက်လောက် ခေါ်ထားတယ် ခြိမ်းခြောက်မှုတစ်ခုကြောင့် သူက ဟုတ်တယ်လို့ ဝန်ခံသလားတော့ မသိဘူး။ တရား ရင်ဆိုင်တာလည်း သူတစ်ယောက်တည်း ရှေ့နေမရှိ မျက်မြင်သက်သေ မရှိနဲ့ ကျနော်တို့ သံသယဝင်စရာ ဖြစ်တယ်” ဟု ပြောသည်။

ဆက်လက်၍ မြို့နယ်တရားသူကြီး ဦးဇော်ဇော်ဦးက “အဲဒီကလေးရဲ့ ဖုန်းထဲမှာ TNLA လက်နက်ကိုင်အဖွဲ့အစည်း ယူနီဖောင်းအပြည့်အစုံနဲ့ သေနတ်ကိုင်ထားတဲ့ပုံ သက်သေအထောက်အထားတွေကို စစ်ဆေးတွေ့ရှိရတယ်။ ကလေးသူငယ်အမှုမို့လို့ အချိန်ဆွဲလို့မရဘူး အတတ်နိုင်ဆုံး အမှုမြန်မြန်ပြီးအောင်လုပ်ရတယ် သူလည်း TNLA နဲ့ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတာ ဝန်ခံတဲ့အတွက်ကြောင့် အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်” ဟု ဆက်ပြောသည်။

အဆိုပါ အမှုသည် တရားခံဘက်က ရှေ့နေငှားရမ်းခြင်း ပြင်ပသက်သေများစစ်ဆေးခြင်းပြုလုပ်မှု မရှိဘဲ တရားခံတစ်ဦးတည်း၏ ထွက်ဆိုချက်ကို အတည်ပြုပြီး အမိန့်ချမှတ်ခဲ့ခြင်းသာ ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီပဲ အဆိုပါအမှုမှာလည်း ခိုင်လုံမှု မရှိကြောင်း တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid) ၏ တာဝန်ခံဖြစ်သူ မိုင်းမျိုးအောင်က ပြောသည်။
“အမှုစစ်ဆေးနေတဲ့အချိန်မှာ ဘယ်သူမှ ပါဝင်ခွင့် မရလိုက်ဘူး ရှေ့နေလည်း မရှိဘူး ဒီလိုတရားစီရင်တာတော့ လုပ်ထုံးလုပ်နည်းနဲ့ လွဲနေတာပေါ့။ မတရားအမိန့်ချတာနဲ့ အတူတူပဲ ဖြစ်ချင်တော့ တရားခံကလည်း ဗမာစကား ကောင်းကောင်းမပြောတတ်ဘူး။ ဘယ်လိုစစ်ဆေးမှုမျိုး ပြုလုပ်တယ်ဆိုတာ ဘယ်သူမှ မသိတဲ့အတွက် သက်သေအထောက်အထား ခိုင်လုံမှုလည်းမရှိ ဒီလိုတရားစီရင်အမိန့်ချတာကတော့ လုံးဝမှားတယ်” ဟု သုံးသပ်ပြောဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်လည်း အဆိုပါ မိုင်းချိုမင်းထွေး(ခ) မိုင်းအယန်း အမှုသည် ပြည်တွင်းစစ်ဖြစ်ပွားရာ ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားလူနည်းစုများအပေါ် တရားမဲ့ပြုကျင့်ခြင်းသည် ငြိမ်းချမ်းရေး ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းမှုများအား နှောင့်ယှက်ဖျက်ဆီးရာရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လိုက်ပါနိုင်ရန် ယုံကြည်မှုကင်းမဲ့ခြင်းကိုလည်း ပိုမိုတိုးပွားစေသည်။

မတရားဖမ်းဆီးခံရသည့် မိုင်းချိုမင်းထွေး အကြွင်းမဲ့လွတ်မြောက်ရေးနှင့် မတရားကျူးလွန်ရာတွင် တာဝန်ရှိသူများအား ထိရောက်သည့် အရေးယူမှုများ အမြန်ဆုံးပြုလုပ်ပေးရန်နှင့် ဒီမိုကရေစီရေး လူ့အခွင့်အရေးအား အလေးထားသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး မိုင်းချိုမင်းထွေးအား အမြန်ဆုံးလွတ်မြောက်ရေးနှင့် လူနည်းစုတိုင်းရင်းသား ကျောင်းသားထု၏အခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၃၁ တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မိုင်းချိုမင်းထွေး(ခ) မိုင်းအယန်းသည် နမ့်ဆန်မြို့ အထက ၁ ကျောင်းတွင် အဌမတန်းတက်နေသည့် ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal
၁၇/၁ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် ချခံရသည့် ကျောင်းသားတစ်ဦးကို မန္တလေး လူငယ်အကျင့် စာရိတ္တပြုပြင်ရေးကျောင်းတွင် ပို့ထားမည်ဟု သိရ ၁၇/၁ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် ချခံရသည့် ကျောင်းသားတစ်ဦးကို မန္တလေး လူငယ်အကျင့် စာရိတ္တပြုပြင်ရေးကျောင်းတွင် ပို့ထားမည်ဟု သိရ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.