အောင်လံမြို့နယ် အင်းတောသာကျေးရွာတွင် တစ်ရွာတည်းသားချင်း လူသတ်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အင်းတောသာကျေးရွာမှာ နိုဝင်ဘာ (၂၄) ရက် ညက တစ်ရွာတည်းသားချင်း နေအိမ်ပေါ်မှာ အရက်မသောက်ဖို့ တားမြစ်ရာကနေ လူသတ်မှုဖြစ်ပွား ခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။

 ဖြစ်စဉ်မှာ အင်းတောသာကျေးရွာနေသူရဲ့ အိမ်ပေါ်မှာ ဖခင်ဖြစ်သူနဲ့ ညီဖြစ်သူ အပါအဝင် တစ်ရွာတည်းနေသူလူကြီး (၂)ဦးနဲ့အတူ မင်္ဂလာကိစ္စ စကားပြောနေစဉ် တစ်ရွာတည်းသူ လူငယ်တစ်ဦးဟာ အိမ်ပေါ်ကိုတက်လာပြီး အရက်သောက်ဖို့ လုပ်ရာမှာ အိမ်ရှင်ရဲ့ ဖခင်ဖြစ်သူက နေအိမ်အပေါ်မှာ အရက်မသောက်ဖို့ တားမြစ်ပြောဆိုတာကြောင့် နေအိမ်ပေါ်ကနေ ပြန်ဆင်းသွားကာ ခဏအကြာမှာ အိမ်ပေါ်ပြန်တက်လာပြီး အတူပါလာတဲ့ အရိုးအသွား(၁၆)လက်မခွဲရှိ ဓားဦးချွန်နဲ့ အိမ်ရှင်ရဲ့ ဖခင်ဖြစ်သူရဲ့ ရင်ညွန့်ကို ထိုးကာ ဓားကိုပစ်ချပြီး အိမ်ပေါ်ကနေ ခုန်ဆင်းထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ဓားထိုးခံရသူဟာ ရင်ညွန့်မှာ သုံးလက်မခန့်ထိုးသွင်းဒဏ်ရာရရှိပြီး အဲဒီ နေရာမှာပဲသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


 ဓားနဲ့ ထိုးပြီး ထွက်ပြေးသွားသူဟာ နိုဝင်ဘာ(၂၄)ရက် ညမှာပဲ အောင်လံမြို့နယ်ရဲတပ်ဖွဲ့စခန်းကို လာပြီး အဖမ်းခံတာကြောင့် ဒုရင်္ဂဗိုလ်နယ်မြေရဲတပ်ဖွဲ့စခန်းက (ပ)၇/၂၀၁၇ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂နဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။ ဒီသတင်းကို ညီမှူးအိမ်(အောင်လံ)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အောင်လံမြို့နယ် အင်းတောသာကျေးရွာတွင် တစ်ရွာတည်းသားချင်း လူသတ်မှုဖြစ်ပွား အောင်လံမြို့နယ် အင်းတောသာကျေးရွာတွင် တစ်ရွာတည်းသားချင်း လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.