ရခိုင်အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ ကြေညာချက်ထုတ်

 လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပစဉ်
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အရာရှိတွေရဲ့ အပြောအရ မြန်မာနိုင်ငံမှာ တပ်မတော်က ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ်ကိုင်တွယ်ဆက်ဆံပုံဟာ လူမျိုးတုန်း ရှင်းလင်းမှုလုပ်နေတဲ့ ပုံစံ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ဖက်ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ပြန်လာခွင့်ပြု ၊ လက်ခံပေးဖို့ ကိုလည်း လုံခြုံရေး ကောင်စီက တောင်းဆို လိုက်ပါတယ်။

ဗီတိုအာဏာသုံးပြီး မြန်မာအစိုးရကို အကာအကွယ်ပေးနေတဲ့ တရုတ်နိုင်ငံက အခု ထုတ်ပြန်တဲ့ ကြေညာချက်ကို ထောက်ခံခဲ့ပေမယ့် ဗြိတိန်နဲ့ ပြင်သစ်တို့က ဆွဲဆောင်နေသလို မြန်မာ အစိုးရအပေါ် အရေးယူဖို့ တရားဝင် ဆုံးဖြတ်ချက် တော့ ချနိုင်ခြင်း မရှိခဲ့ပါဘူး။

အခုထုတ်ပြန်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကြောင့် လက်ရှိ ဖြစ်နေတဲ့ တင်းမာမှုကို ပိုပြီး အရှိန်မြင့်သွားစေနိုင်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ ကိုယ်စားလှယ်က ပြောပါတယ်။

နိုဝင်ဘာလ ၆ ရက် တနင်္လာနေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ဒီကြေညာချက် ကို ထုတ်ပြန်ခဲ့ရာမှာ မြန်မာ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် မှာ စစ်အင်အား အလွန်အကျွံ မသုံးရေး အာမခံ ဖို့ တိုက်တွန်းထား ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ရိုဟင်ဂျာ မွတ်ဆလင် ၆ သိန်းကျော် ဟာ မြန်မာနိုင်ငံ တွင်း မှ ထွက်ပြေး ခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဆက် ဘဇား အနီးရှိ ဘာလူး ခါလီ ဒုက္ခသည် စခန်း မှာ ခို လှုံ နေကြတဲ့ အကြောင်း ဖေါ်ပြထားပါတယ်။

အခုလို မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ကြေညာချက် ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ ထုတ်ပြန်ခြင်းဟာ ၁၀ နှစ် အတွင်းမှာ ပထမ ဆုံး အကြိမ် ဖြစ်သလို ပြီးခဲ့တဲ့ သြဂုတ်လ က မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှု ကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ဟာ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးခဲ့ရကာ ရွာတွေ မီးရှို့ခံရတာတွေ၊ အမျိုးသမီးတွေ နဲ့ မိန်းမငယ်တွေ မုဒိန်းမှု ကျူးလွန်တာ ခံရတာတွေ ရှိခဲ့လို့ ဒီအကြမ်းဖက်မှု တွေ ရပ်တံ့ဖို့ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ ကောင်စီဝင်တွေ အနေနဲ့ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် ကို လိုလားကြပေမဲ့၊ တရုတ် အစိုးရ က မြန်မာနိုင်ငံ အပေါ်မှာ သံတမန်ရေး အရ ရော စီးပွားရေး မိတ်ဘက် အနေနဲ့ ပါ အကာအကွယ် ပေးထားလို့ မအောင်မြင်ခဲ့ဘဲ ဗြိတိန် နဲ့ ပြင်သစ် အစိုးရ အနေနဲ့ လည်း တရုတ် နဲ့ ရုရှား ကို သူတို့ဘက် ပါအောင် ဆွဲဆောင် လို့ မရခဲ့တာကြောင့်မို့ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ရယ် လို့ ထွက်မလာပဲ ကြေညာချက်ပဲ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ကောင်စီ အဖွဲ့ဝင်တွေ ထပ်မံ တောင်းဆိုတဲ့ အထဲမှာ မြန်မာ အစိုးရ အနေနဲ့ လူမှု ကယ်ဆယ်ရေး ဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာ ကူညီခွင့် နဲ့ ဒုက္ခသည်တွေ ကို နေရပ်ရင်း ပြန်လာခွင့် ပေးရေးတွေ ပါဝင်ပါတယ်။

လူ့အခွင့် အရေး အဖွဲ့တွေ ကတော့ ကုလသမဂ္ဂ အနေနဲ့ ပြင်းထန်တဲ့ အရေးယူမှု ပြုဖို့ တောင်းဆိုနေကြတာ ဖြစ်တဲ့အပြင် အဲဒီ အထဲမှာ ဒဏ်ခတ် အရေးယူမှု နဲ့ လက်နက်တင်သွင်းခွင့် ပိတ်ဆို့ရေးပါဝင်ပါတယ်။

မြန်မာ အစိုးရ ဘက်ကတော့ ကုလသမဂ္ဂ ဦးဆောင်တဲ့ စုံစမ်း ရေး အဖွဲ့ ကို လက်မခံ ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒုက္ခသည်တွေ အနေနဲ့ မြန်မာနိုင်ငံ မှာ နေထိုင်ခဲ့တယ် ဆိုတာ ကို သက်သေ ပြနိုင်ရင် ပြန်လည်လက်ခံမယ် လို့ ပြောထားတာ ဖြစ်ပါတယ်။

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကော်မရှင် လေ့လာတွေ့ရှိချက်တွေ ကို အကောင်အထည် ဖေါ်ပေးဖို့ လည်း လုံခြုံရေး ကောင်စီ ရဲ့ ကြေညာချက် မှာ တောင်းဆိုထားပါတယ်။

လက်ရှိ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူတားရက်စ် ကိုလည်း ရက်ပေါင်း ၃၀ အတွင်းမှာ မြန်မာနိုင်ငံ အခြေအနေ တင်ပြဖို့ လုံခြုံရေး ကောင်စီ က တောင်းဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရခိုင်အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ ကြေညာချက်ထုတ် ရခိုင်အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ ကြေညာချက်ထုတ် Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.