လမ်းအခြေအနေမှန်ကို မသိရှိ၍ ကမ္ဘာ့ဘဏ်မှ ထုတ်ချေးငွေဒေါ်လာ သန်း(၆၀) တစ်ဖက်သတ်ရုတ်သိမ်းဟုချင်းလမ်း/ဆက်ဝန်ကြီးဆို


ကမ္ဘာ့ဘဏ်အနေဖြင့် စီမံကိန်းဆောင်ရွက်ရမည့် လမ်း၏အခြေအနေ မှန်ကို မသိရှိသည့်အတွက်ထုတ်ချေး ငွေရုတ်သိမ်းမှုကို တစ်ဖက်သတ် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်လမ်းပန်း ဆက်သွယ် ရေး ၀န်ကြီး ဦးရွှေထီးယိုက ကလေး- ဖလမ်း - ဟားခါး အထိနိုင်လွန်ကတ္တရာ လမ်းခင်း ရန် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၆၀ ထုတ်ချေးမည့်အစီအစဉ်ကို လုပ်ငန်းမစမီ ပြန်လည်ရုတ်သိမ်းလိုက်သည့်အပေါ်ပြောသည်။

ဦးရွှေထီးယိုက “သူတို့ပြောတာကတော့ သချိုင်းတွေရွှေ့ဖို့လိုတယ်။ အရင် က လမ်းချဲ့တုန်းက မြေစာစွန့်တဲ့ ဟာတွေက ခြံတွေ ထိခိုက်တာရှိတယ် ဆိုတာမျိုး၊ နေအိမ်ထိမယ်ဆိုတာမျိုးတွေကြောင့် ပြောတာဖြစ်တယ်။ ကျွန်တော်တို့ အစိုးရရဲ့ လုပ်ငန်းညံ့ဖျင်းမှုကြောင့်လို့ပြော တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့လည်း ဘယ်နေရာတွေ ထိခိုက်တာတွေရှိသလဲဆိုတာ ပြန်မေးဖို့ ပြင်ဆင်နေတယ်။ သဘော ကတော့ ကမ္ဘာ့ဘဏ်ဘက်က သဘောမပေါက်လို့ဖြစ်တယ်။ အမှန်က ဒီလမ်းမကြီးက ၁၉၅၀ ကတည်းက လမ်းပေါက်ပြီး သားဖြစ်တယ်။ လမ်းတွေလည်းချဲ့ထားပြီးသားဖြစ်တယ်။ သူတို့ဖက်က နိုင်လွန် ကက္တရာခင်းပေးဖို့ပဲဖြစ်တယ်။ ဒီလမ်းက လမ်းဟောင်းပဲဆိုတော့ သဘာဝ ပတ်ဝန်းကျင် ထပ်ထိခိုက်ဖို့လည်း မရှိပါဘူး။ ချင်းပြည်နယ် ဖွံ့ဖြိုးဖို့ အတွက်ဆိုရင်တော့ လမ်းကအရေးကြီးဆုံးပဲ။ ပွင့်ပွင့် လင်းလင်း ပြောရမယ်ဆိုရင် လုမ်ဘမ်ကျေးရွာ အတွင်း လမ်းကျဉ်းလို့ သူတို့မခင်းရင်လည်းရတယ်။ အဲဒီလမ်းကျဉ်းအတိုင်းဆက်သုံးသွားပါမယ်။ အခုလိုရုတ်သိမ်းတယ် ဆိုတော့ နိုင်လွန်ကက္တရာခင်းဖို့ ဆုံးရှုံးသွား တာပေါ့။ ကမ္ဘာ့ဘဏ်ဖက်က ထင်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ဖက်ပေါင်းစုံက ၀ိုင်းပြောဖို့လိုအပ်ပါတယ်” ဟုပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ချင်းပြည်နယ်အတွက် ယခုကဲ့သို့ ကမ္ဘာ့ဘဏ်မှ ချေးငွေများစွာထုတ်ချေးမည့်အစီအစဉ်ကို ရုတ်တရက် ပြန် လည်ရုတ်သိမ်းလိုက်သည့်အတွက် ချင်းပြည်နယ်အတွက် များစွာနစ် နာကြောင်း နှင့် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းဆိုင်ရာ အားနည်း ချက်များ၊ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အားနည်းချက် များကြောင့် ဖြစ်နေမလားစသည့် မေးခွန်းများစွာနှင့် အမြင်သုံးသပ်မှုများ စွာကို ချင်းလူထုများက ကိုယ်ပိုင်ဆိုရှယ်အင်တာနက် စာမျက်နှာ များတွင်ရေးသားကြသည်။

ကမ္ဘာ့ဘဏ်ဖက်မှ ကလေး - ဖလမ်း - ဟားခါးလမ်းမကြီးကြား လမ်း/တံတားဖောက်လုပ်တိုးချဲ့သည့် စီမံကိန်းဆောင်ရွက်နေမှုများသည် လူထုနဲ့သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေခြင်းကြောင့်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုက “ကမ္ဘာ့ဘဏ်နဲ့ပြည်နယ်အစိုးရတို့ အရင်ကလေးကြိမ် တွေ့ဆုံပြီးဖြစ်လို့ လမ်းစတင်ခင်းတော့မယ်လို့ ယူဆခဲ့ကြတယ်။ အခုကိစ္စကို ပြည်ထောင် စုလွှတ်တော်က အတည်ပြုပြီးသားလည်းဖြစ်တာကိုး။ အခုလို ကျွန်တော် တို့နဲ့ ထပ်မတွေ့တော့ဘဲ တစ်ဖက်သတ် ထုတ်ပြန်တဲ့အတွက် စိတ် မကောင်းဘူး။ ကမ္ဘာ့ဘဏ်နဲ့ ထပ်တွေ့ဖို့လည်း စီစဉ်ထားတယ်” ဟုပြောသည်။

၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကိုမန်မုန်တိုင်းကြောင့် လမ်းပျက်စီးမှု များစွာဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ကမ္ဘာ့ဘဏ်မှ ချေးငွေ ထုတ်ပေးရန် ဆောင်ရွက်လာခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရ အနေဖြင့်လည်း နွေ၊ မိုး၊ ဆောင်း (၃) ရာသီစလုံး သွားလာနိုင်သည့် လမ်းအဖြစ် ပြင်ဆင်ရန် ရည်ရွယ်ထားသည့် စီမံကိန်းဖြစ်သည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ပြည်ထောင်စုကိုထုတ်ချေးရန် စီစဉ်ပြီး ပြန်လည် ရုတ်သိမ်းလိုက်သည့် ငွေပမာဏသည် ဒေါ်လာ သန်း ၂၀၀ဖြစ်ကာ အဆိုပါ သန်း ၂၀၀ အတွင်းမှ သန်း ၆၀ ကိုချင်းပြည်နယ် ကလေး - ဖလမ်း - ဟားခါးကြား နိုင်လွန် ကတ္တရာခင်းနိုင် ရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

Salai Hung Tun Gei
Chin World

လမ်းအခြေအနေမှန်ကို မသိရှိ၍ ကမ္ဘာ့ဘဏ်မှ ထုတ်ချေးငွေဒေါ်လာ သန်း(၆၀) တစ်ဖက်သတ်ရုတ်သိမ်းဟုချင်းလမ်း/ဆက်ဝန်ကြီးဆို လမ်းအခြေအနေမှန်ကို မသိရှိ၍ ကမ္ဘာ့ဘဏ်မှ ထုတ်ချေးငွေဒေါ်လာ သန်း(၆၀) တစ်ဖက်သတ်ရုတ်သိမ်းဟုချင်းလမ်း/ဆက်ဝန်ကြီးဆို Reviewed by THITHTOOLWIN on 11:39 Rating: 5
Powered by Blogger.