ဦးပါမောက္ခ လွတ်မြောက်ရေး သတင်းစာရှင်းလင်း

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ဖမ်းဆီးချုပ်နှောင်ခံရတာနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့က သတင်းစာ ရှင်းလင်းစဉ်/ Photo: Aung Thain Kha/RFA
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ပြန်လည်လွတ်မြောက်စေဖို့၊ သင်္ကန်းပြန်ဝတ်နိုင်ဖို့အတွက် မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခအမှု ကူညီစောင့်ရှောက်သူများအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့က City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခဟာ ပြစ်မှုကျူးလွန်ထားသူ မဟုတ်ဘဲ ဥပဒေများနဲ့အညီ ဆောင်ရွက် ခဲ့တဲ့ ဆရာတော်ဖြစ်လို့ အာမခံဖြင့်အချုပ်အနှောင်လွတ် ထုချေခွင့်ပြုပေးသင့်ကြောင်း နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု ရှေ့နေ့ချုပ်တို့ထံ တင်ပြသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ မိသားစုဝင် ဦးအောင်မြိုင်က မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

"နိုင်ငံတော် အကြည်အညိုပျက်စေမှုကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်းဆိုတဲ့ သတင်းများ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ စသည်များဆီအထိ ရောက်ရှိပြီး အထူးအားဖြင့် ဆရာတော် ပြန်လည်လွတ်မြောက်ရေး သင်္ကန်းပြန်ဝတ်နိုင်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးကြပါရန် နိုင်ငံတော် သမ္မတနှင့်တကွ တာဝန်ရှိသူများထံ မေတ္တာရပ်ခံ တင်ပြတောင်းဆိုလိုက်ပါတယ် ခင်ဗျား"

ဆရာတော်ဦးပါမောက္ခကို ဖမ်းဆီးစဉ်ကအဖြစ်အပျက်တွေနဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က အမေရိကန် သံရုံးရှေ့မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲရုပ်သံဖိုင်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။

ဦးပါမောက္ခကို ဒီလ ၁၂ ရက်နေ့က ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီးလူဝတ်လဲခဲ့တာဖြစ်ပြီး ၁၄ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကာ ငြိမ်းစုစီ ပုဒ်မ ၁၉ အတွက် အာမခံရပေမယ့် ပုဒ်မ ၅၀၅ (ခ) က အာမခံမရခဲ့ပါဘူး။

RFA Burmese
http://www.rfa.org/burmese
ဦးပါမောက္ခ လွတ်မြောက်ရေး သတင်းစာရှင်းလင်း ဦးပါမောက္ခ လွတ်မြောက်ရေး သတင်းစာရှင်းလင်း Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.