အနောက်ပိုင်းတက္ကသိုလ် ကြို/ပို့ကား ယာဉ်တိုက်မှုကြောင့် တတိယနှစ် ကျောင်းသူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ


ရန်ကုန် ၊ နိုဝင်ဘာ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်ရှိ အနောက်ပိုင်းတက္ကသိုယ်တွင် နိုဝင်ဘာ ၂၇ ရက် နံနက် ၇ နာရီခွဲက စာမေးပွဲဖြေဆိုရန် ကျောင်းသို့ မောင်းနှင်လာသော ကြို/ပို့ယာဉ်နှင့် တက္ကစီယာဉ်တို့ ကျောင်းရှေ့တွင်ရှောင်တိမ်းစဉ် တခြားယာဉ်တစ်စီးကို တိုက်မိပြီး ရပ်နေသော ကျောင်းသူတစ်ဦးကိုပါ ဆက်လက်တိုက်မိသဖြင့် တစ်ဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


စာမေးပွဲဖြေဆိုရန် အနောက်ပိုင်း တက္ကသိုလ်သို့ မောင်းနှင်လာသော 6N/---- လိုက်ထရက် အဖြူရောင်ကျောင်းကားမှာ ထန်းတပင်မြို့ဘက်မှ မောင်းနှင်လာသော 9H/---- အဖြူရောင် တက္ကစီယာဉ်ကို ရှောင်တိမ်းစဉ် အရှိန်လွန်၍ ပရိုဘောက်ယာဉ်ကို တိုက်မိကာ ရပ်နေသော တတိယနှစ် (မြန်မာစာ) ကျောင်းသူ မရတနာသန့်လွင် နွယ်သာကီလမ်း၊ ကျန်စစ်သားရပ်ကွက်၊ တိုက်ကြီးမြို့နယ် နေထိုင်သူအား တိုက်မိ၍ ကားအောက်တွင် ငြိပါသွားကာ ကျောင်းဝင်း သံဆန်ကာ ဆက်လက်တိုက်မိပြီး ရပ်တန့်သွားသည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် ကြို/ပို့ ကျောင်းကားပေါ်တွင် လိုက်ပါလာသော ကျောင်းသား နှစ်ဦး၊ ကျောင်းသူ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တတိယနှစ် ကျောင်းသူမှာ ထိုနေရာတွင် သေဆုံးခဲ့သည်။ ဒဏ်ရာရရှိသော ကျောင်းသား၊ ကျောင်းသူတို့ကို အင်းစိန်ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်နေသော ယာဉ်မောင်းအား (ပ)၃ဝ/၂၀၁၇၊ ၃၀၄(က)၊ ၃၃၇၊ ၃၃၈၊ ၂၇၉၊ ၂ဝ၂ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဓါတ်ပုံ -သစ္စာ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အနောက်ပိုင်းတက္ကသိုလ် ကြို/ပို့ကား ယာဉ်တိုက်မှုကြောင့် တတိယနှစ် ကျောင်းသူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ အနောက်ပိုင်းတက္ကသိုလ် ကြို/ပို့ကား ယာဉ်တိုက်မှုကြောင့် တတိယနှစ် ကျောင်းသူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.