ကျောက်ကြီးမြို့နယ် စပ်လဲရေတံခွန်၌ လာရောက် လည်ပတ်သော လူငယ်နှစ်ဦးရေနစ်သေဆုံး


ကျောက်ကြီး နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာ အနီးရှိ ရေတံခွန်၌ နိုဝင်ဘာ(၁၁)ရက် နေ့လည်(၁၂)နာရီခွဲအချိန်ခန့်က ရေတံခွန်၌ရေကစားရင်း လူငယ်နှစ်ဦးရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ ကျောက်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ စပ်လဲရေတံခွန်သို့ နံနက်(၁ဝ)နာရီဝန်းကျင်အချိန် ရောက်ရှိကာ ရေဆော့ကစား နေကြသူများအနက် ကောင်းထိုက်စံ (၁၈)နှစ်၊ ထန်းထပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာမှာ ကျောက်တုံးများ ပေါ်သို့ တက်စဉ် ခြေချော်၍ ရေထဲသို့ပြုတ်ကျသွားခဲ့သည်။

ထို့သို့ရေထဲ ပြုတ်ကျသွားသော ကောင်းထိုက်စံ အား အတူတူလာရောက်ကြသူ သူငယ်ချင်းဖြစ်သည့် အောင်ဇင်ဖြိုး(၁၉)နှစ်၊ ကြို့ပင်သာကွက်သစ်၊ ထန်း တပင်မြို့နယ်နေသူက ရေထဲသို့ဆင်းပြီဆယ်ယူရန်ကြိုးစားစဉ် ရေမကူးတတ်သည့်အတွက် နှစ်ဦးစလုံး ရေနစ်သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ ကျောက်ကြီးမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၇/၂ဝ၁၇ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

 တောင်ငူခရိုင်အတွင်း ရေတာရှည်မြို့နယ် ၊ ရေလွှဲကျေးရွာအနီး ၊ ကရင်ချောင်းရေတံခွန်တွင် နိုဝင်ဘာ(၈)ရက်နေ့ မွန်းလွဲပိုင်းအချိန် ရေဆော့ကစားသည့်လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ပြီးနောက် ယခုဖြစ်ရပ်မှာ ရက်ပိုင်းအတွင်း ဒုတိယ အကြိမ်မြောက် သေဆုံးမှုဖြစ်ပွားခဲ့ ခြင်းကြောင့် ရေတံခွန် နှင့် ချောင်းများအတွင်းလာရောက်လည်ပတ်သူများအနေဖြင့် သောက်စား မူးယစ် ပြီးရေဆော့ကစားပါကအသက်အန္တရာယ်ကျရောက်နိုင် သည်ကို သတိပြုသင့်ကြောင့်သုံးသပ်ပြောကြားမှု များလည်းရှိနေသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်ကြီးမြို့နယ် စပ်လဲရေတံခွန်၌ လာရောက် လည်ပတ်သော လူငယ်နှစ်ဦးရေနစ်သေဆုံး ကျောက်ကြီးမြို့နယ် စပ်လဲရေတံခွန်၌ လာရောက် လည်ပတ်သော လူငယ်နှစ်ဦးရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.