ပလက်ဝမြို့နယ် မြိတ်ဝရွာအနီး တိုက်ပွဲပြင်းထန်

(တိုက်ပွဲ ဖြစ်ပွားနေရာတောင်ကုန်းတစ်ခု)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၇

အိန္ဒိယ နယ်စပ်နှင့်ကပ်ရပ်တည်ရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် မြိတ်ဝရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

အိန္ဒိယနှင့် ကပ်ရပ်တည်ရှိသည့် မြန်မာဘက် မြိတ်ဝရွာမှ ၄၅ မိနစ်ခန့်ခြေဖြင့် သွားလျင် ရောက်ရှိသော အိန္ဒိယနိုင်ငံ မောင်ဘုဆွာရွာသို့ ရောက်ရှိနေသည့် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေသူ ခိုင်မင်းသိန်းက တိုက်ပွဲများမှာ ယနေ့နံနက်ကလည်း မြိတ်ဝကျေးရွာ အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေကြောင်း ပြောကြားသည်။

“ ဒီကနေ့ သတင်းရတာက ဒီနေ့မနက်မှာလည်း တိုက်ပွဲ ဖြစ်ပွားတယ်လို့ ကြားရပါတယ်။ ထိခိုက် ဒဏ်ရာရကြတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ကျွန်တော်တို့က အိန္ဒိယ နိုင်ငံထဲကို ရောက်နေတဲ့ အတွက် အသေးစိတ် ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိရပါ” ဟု ခိုင်မင်းသိန်းက ပြောကြားသည်။

တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်မှုများ ရှိနေသည်ဟုလည်း သိရသည်။

“ ဟိုတစ်နေ့ကတော့ နေ့လယ် ၁၂ နာရီကျော် ၁ နာရီခန့်မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပါတယ်။ မနေ့ကလည်း အိန္ဒိယက အချိန်ဆိုရင် မွန်းလွဲ ၂ နာရီကျော်၊ မြန်မာစံတော်ချိန်ဆိုရင် မွန်းလွဲ တစ်နာရီလောက်မှာ တိုက်ခိုက်ပါတယ်။ ၁၀ မိနစ်လောက် အေအေစခန်းတွေရှိတယ်လို့ ထင်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ခိုင်မင်းသိန်းက ပြောကြားသည်။

ကြဲချသော ဗုံးများမှာ ပြင်းထန်ပြီး မြိတ်ဝရွာ ဘုန်ကြီးကျောင်းပင် တုန်ခါသွားသည်ဟု ဆရာတော်က ဖုန်းဆက်ပြောကြားသည်ဟု လည်း ခိုင်မင်းသိန်းက ပြောကြားသည်။

“ မြိတ်ဝရွာမှာ ကျန်နေသေးတဲ့လူတွေလည်း ရှိပါသေးတယ်။ အများစုကတော့ ဒီဘက်ကို ထွက်ပြေးလာကြပါတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတဲ့ အတွက် လူတွေကတော့ အထူးစိုးရိမ်နေကြပါတယ်။ အခုအချိန်က တောင်ယာမှာ စပါးရိတ်ချိန်ဖြစ်ပေမယ့် လူတွေက တောင်ယာကို မသွားနိုင်ဘဲ အားလုံးထွက်ပြေးကုန်ကြပါပြီ”ဟု သူက ဆိုသည်။

Narinjara
https://www.facebook.com/Narinjara
ပလက်ဝမြို့နယ် မြိတ်ဝရွာအနီး တိုက်ပွဲပြင်းထန် ပလက်ဝမြို့နယ် မြိတ်ဝရွာအနီး တိုက်ပွဲပြင်းထန် Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.