နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ရောက်ရှိ


နေပြည်တော် နိုဝင်ဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ်၏ ဖိတ်ကြားချက်အရ ဒါနန်းမြို့တွင် ကျင်းပမည့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များနှင့် အာရှ - ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲနှင့် ဖိလစ်ပိုင်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေး၏ ဖိတ်ကြားချက်အရ မနီလာမြို့တွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်း လိုင်း အထူးလေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ထွက်ခွာသွားသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ဒေသစံတော်ချိန် မွန်းလွဲ ၁၂နာရီ မိနစ် ၄၀ တွင် ရောက်ရှိကြရာ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး CHU NGOC ANH၊ ဒါနန်းမြို့ ပြည်သူ့ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာအမတ်ကြီး ဦးကျော်စိုးဝင်းနှင့်ဇနီး၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ဒါနန်းမြို့ရှိ Premier Village Resort သို့ ရောက်ရှိကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ရောက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ရောက်ရှိ Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.