ပုပ်ရဟန်းမင်းကြီး နဲ့ မဟန ဆရာတော်တွေ တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေက ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမမှာ တွေ့ရစဉ် / Photo: Thant Zin Oo/ RFA
ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေဟာ အသံမဲ့တွေရဲ့ အသံကို ကြားအောင် ကြိုးစားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေက ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမမှာ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပင်လုံညီလာခံ ကျင်းပနိုင်တဲ့အတွက် ဂုဏ်ပြုချီးမွမ်းကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေ ဖိနှိပ်မှုတွေ ဆင်းရဲမွဲတေမှုတွေကပေးတဲ့ ဒဏ်ရာတွေဟာ ကွဲပြားမှု ဖြစ်စေကြောင်းနဲ့ အဲဒီဒဏ်ရာတွေကို အပြန်အလှန် လေးစားမှု ကြင်နာမှု မေတ္တာတရားကို ဦးတည်ပြီး ဖြေဖျောက်နိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဥက္ကဌ ဖြစ်တဲ့ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက ကမ္ဘာမှာ ဘာသာရေးယုံကြည်မှု နာမည်တပ်ပြီး အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒတွေ ဖြစ်ပေါ်နေတာဟာ ၀မ်းနည်းဖို့ ကောင်းကြောင်း၊ ဘာသာရေးခေါင်းဆောင်တွေက ဘာသာတရားရဲ့ လမ်းညွှန်ချက်အစစ်အမှန်ကို အဂတိတရားမလိုက်စားဘဲ သင်ပေးရမယ့် တာဝန်ရှိကြောင်း ဘာသာအချင်းချင်း ငြိမ်းချမ်းရေးကို ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း ဘာသာမတူပေမယ့် လူသားတွေရဲ့အကျိုးကို ဆောင်ရွက်တာ တူညီကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို မဟန ဆရာတော်(၁၇)ပါး တက်ရောက်ပြီး ပုပ်ရဟန်းမင်းကြီးဘက်က ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတွေနဲ့ ဘာသာဝင်(၂၄)ဦး တက်ရောက်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မဟန ဆရာတော်တွေနဲ့ တွေ့ဆုံပြီးနောက် စိန့်မေရီ ကာသီဒြယ်မှာ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဒီနေ့မနက် ကျိုက္ကဆံကွင်းမှာ နယ်ဒေသအသီးသီးက လာရောက်တဲ့ ကက်သလစ်ဘာသာဝင် နှစ်သိန်းနီးပါးနဲ့ ၀တ်ပြုဆုတောင်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီနေ့ ညမှာ ဆူးလေရှန်ဂရီလာမှာ ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲကို ပုပ်ရဟန်းမင်းကြီးရဲ့ လက်ထောက်ဘုန်းတော်ကြီးက ပြုလုပ်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပုပ်ရဟန်းမင်းကြီး နဲ့ မဟန ဆရာတော်တွေ တွေ့ဆုံ ပုပ်ရဟန်းမင်းကြီး နဲ့ မဟန ဆရာတော်တွေ တွေ့ဆုံ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.