တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ၂နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ရှိ


မြစ်ကြီးနား နိုဝင်ဘာ ၂၈

ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ နောင်စီပေါကျေးရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦးက တရုတ်နိုင်ငံ သို့ ရောင်းစားခံခဲ့ရပြီး နှစ်နှစ်ကျော် အကြာ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်၁၇နှစ် အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ လွန်ခဲ့သော နှစ်နှစ်ကျော်ခန့် က ရောင်းစားခံခဲ့ရပြီး ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအား ပြန်လည်တွေ့ရှိချိန်တွင် အသက်၁၉ နှစ် အရွယ် ဖြစ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ အမှတ်၁၂ လူကုန်ကူးမှု တားဆီး
နှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ သိရသည်။
``ရောင်းစားခံရပြီး ၂နှစ်ကျော်ကြာတဲ့အချိန်မှာ သူဘယ်မှာရောက်ရှိ နေကြောင်း သူ့အဖေရဲ့ဖုန်းကို ဆက်ခဲ့ရာကနေတစ်ဆင့် တရားခံ သားအမိနှစ်ယောက်ဆိုတာ သိခဲ့ရတယ် သမီးကိုတော့ မိထားတယ် ရင်ကျန်းမှာ နေတဲ့ သူ့အမေကိုတော့ တရုတ်မြန်မာ နှစ်နိုင်ငံဆက်သွယ်ရေး ရုံးကနေတစ်ဆင့် ဖမ်းဆီး ရမိဖို့ လုပ်နေပါတယ် ´´ဟု အမှတ်၁၂ လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ ရဲအုပ်လှိုင်စိုးကပြောသည်။

ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာနေ မ×××သည်၂၀၁၅ခုနှစ်တွင် တစ်ရွာတည်းနေ မဂျာကူမှ ၎င်း၏အမေ ရင်ကျန်းမြို့နေ ဒေါ်ဂျာဘောက်ထံ ဆက်သွယ်ပို့ဆောင်၍ တရုတ်နိုင်ငံ ဟေးနန်မြို့အနီး ချင်းကုန်းကျေးရွာရှိ တရုတ်အမျိုးသားထံ ယွမ်၈သောင်း (မြန်မာငွေ သိန်း၁၇၀ခန့်) ဖြင့်ရောင်းစားခံခဲ့ရပြီး ၂၀၁၇ခုနှစ် ယခုလတွင် ၎င်း၏ ဖခင်နှင့်ဖုန်းအဆက်အသွယ် ရရှိပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံသို့ လာရောက်တိုင်ကြားရာမှ တရားခံ မဂျာကူကို ဖမ်းဆီး ရမိကြောင်း သိရသည်။

အဆိုပါ တရားခံဟု ယူဆရသူ မဂျာကူကို ဝိုင်းမော်မြို့နယ်၊မြို့မရဲစခန်းတွင် အမှုအမှတ်(ပ)၈၆/၂၀၁၇ ဖြင့်ရဲအုပ်လှိုင်စိုးမှ တရားလိုပြုလုပ်၍ အမှုရေးဖွင့် ထားပြီး ၎င်းနှင့်အတူ ကျူးလွန်သူ ဒေါ်ဂျာဘောက်အား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ယခုအချိန်အထိ မြစ်ကြီးနားမြို့၌ လူကုန်ကူးခံရသူ ၁၉ဦး၊ ဗန်းမော်မြို့တွင် ၁ဦး၊လွယ်ဂျယ်မြို့တွင် ၈ဦးရှိကြောင်း မြစ်ကြီးနားမြို့ အမှတ်၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၏ စာရင်းများအရ သိရသည်။

EPN
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ၂နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ရှိ တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ အမျိုးသမီးတစ်ဦး ၂နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.