မောင်တောဒေသ ပြန်လည်ထူထောင်ရေး ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်ပြရေးအဆို အတည်ပြု


စစ်တွေ၊ နိုဝင်ဘာ ၂၈

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်မောင်တောဒေသအား ပြန်လည်ထူထောင်ရာတွင် ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်သို့ ပွင့်လင်းမြင်သာစွာတင်ပြပေးရေးအဆိုကို ပြည်နယ်လွှတ်တော်က နိုဝင်ဘာ ၂၇ ရက်နေ့က အတည်ပြုလိုက်ပြီဟု အဆိုရှင်ဖြစ်သူ မောင်တောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

"ကျနော်တင်လိုက်တဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၆ ယောက်က ထောက်ခံ ဆွေးနွေး ပြီးတဲ့နောက် ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာ ဖြစ်ပါတယ်"ဟု ဦးမောင်အုန်းက နိရဉ္စရာသို့ပြောသည်။

အဆိုကို အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မောင်တောဒေသ ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်သို့ ပုံမှန်အစီရင်ခံ တင်ပြရတော့မည်ဖြစ်သည်ဟုလည်း ဦးမောင်အုန်းက ပြောသည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသများအား ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အစိုးရက ပွင့်လင်းမြင်သာစွာချပြမှုမရှိသည့်အတွက် ပြည်နယ် အစိုးရ၏လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ပြည်သူများ သံသယ ဖြစ်နေကြသည်ဟုလည်း အဆိုကို ထောက်ခံဆွေးနွေးခဲ့သူများတွင်ပါဝင်သည့် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က နိရဉ္စရာသို့ပြောသည်။

"ပြည်သူ့အတွက်လုပ်မယ့်ဟာကို အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပြည်သူတွေကနေပြီးတော့ အားလုံးကိုသိရင် ပိုပြီးတော့ အမှားနည်းအောင်၊ ကင်းအောင်လုပ်နိုင်မှာပေါ့လေ။ အခုက တစ်ခုမှမချပြ၊ မရှင်းပြဆိုတော့ လူထုကလည်း သို့လောသို့လောနဲ့ ဘာလုပ်မလဲမသိဘူး။ ဘယ်နေ့အကောင်အထည်ဖော်မလဲမသိဘူး။ ဘယ်လိုပုံစံလုပ်မလဲမသိဘူးဖြစ်နေတယ်။"ဟု ဦးသန်းနိုင်က ပြောသည်။

ပြည်ထောင်စု အစိုးရ အနေဖြင့် လတ်တလော ပေါ်ပေါက်နေသည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် လွှတ်တော်၊ ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီများနှင့် တစ်စုံတစ်ရာ နှီးနှောတိုင်ပင် အကြံဥာဏ်များ ရယူခြင်း မရှိခြင်းနှင့် ပတ်သက်ပြီး အများပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လာနေပြီးနောက် ဦးမောင်အုန်း၏ အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှ နိုဝင်ဘာလ ၂၂ ရက်နေ့ တင်သွင်းခဲ့ခြင်းပြီး နိုဝင်ဘာ ၂၇ ရက်နေ့က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
မောင်တောဒေသ ပြန်လည်ထူထောင်ရေး ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်ပြရေးအဆို အတည်ပြု မောင်တောဒေသ ပြန်လည်ထူထောင်ရေး ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်ပြရေးအဆို အတည်ပြု Reviewed by THITHTOOLWIN on 08:23 Rating: 5
Powered by Blogger.