တာချီလိတ်ဒေသ ရွှေတူးဖော်မှုကြောင့် ဒေသခံ ထိခိုက်

 မိုးသည်းထန်ပြီး ရွာထဲ တောင်ကျရေတွေနဲ့အတူ ရွှံ့တွေ ဝင်ရောက်ခဲ့တဲ့ သြဂုတ်လတုန်းက မြင်ကွင်း
တာချီလိတ်မြို့နယ် နားဟိုင်းလုံ ကျေးရွာအနီးက ရွှေတူးဖော်မှုတွေကြောင့် ချောင်းတိမ်ကာလာပြီး လယ်ယာမြေတွေလည်း ပျက်စီးတဲ့အတွက် ဒေသခံတွေက ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကို အောက်တိုဘာလတုန်းက တိုင်ကြားခဲ့ပါတယ်။

ရွာနဲ့ သုံးမိုင်လောက် အကွာအဝေးမှာရှိတဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့် မိုးရွာတဲ့အခါ တောင်ကျရေတွေနဲ့အတူ ရွှံဗွက်တွေပါကျလာတဲ့အတွက် မကြာခဏဆိုသလို ဖုံလွှမ်းမှုတွေ ဖြစ်နေတယ်လို့ နားဟိုင်းလုံရွာက ဒေသခံဖြစ်တဲ့ သွားဖွားဆရာမ နန်းလာက ဘီဘီစီကို ပြောပါတယ်။

မိုးသည်းထန်ပြီဆိုရင် တောင်ကျရေနဲ့အတူပါလာတဲ့ နှုန်းတွေဟာ အိမ်ခြံဝင်းတွေနဲ့ လယ်တွေအတွင်း ဝင်ရောက်ကုန်ပြီး တခါတလေမှာ မိုးသည်းထန်ရင် နေအိမ်တွေအကြား နုန်းတွေ ၃ ပေလောက်အထိ တင်ကျန်နေခဲ့တာတွေ ဖြစ်ကုန်တယ်လို့ နန်းလာက ပြောပါတယ်။

ရွှေတူးဖော်မှုကြောင့် အိမ်ခြေ ၅၀ ကျော်လောက်ရှိတဲ့ နားဟိုင်းလုံရွာက ဒေသခံတွေဟာ စုပေါင်းပြီး ရှမ်းပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေဆီ တိုင်ကြားရတာလို့ ဆိုကြပါတယ်။

ရွှေတူးဖော်မှုကြောင့် နားဟိုင်းလုံကျေးရွာနားက လယ်မြေတွေအပြင် ဝမ်ကန်နားနဲ့ ဝိန်းမနော် ကျေးရွာနားက ရှမ်းရွာသားတွေရဲ့ လယ်မြေတွေလည်း ထိခိုက်မှုရှိနေပြီး စုစုပေါင်း မြေဧက ရာချီ ဒီတူးဖော်မှုရဲ့ အကျိုးသက်ရောက်မှု ရှိနေတယ်လို့ ဆိုကြပါတယ်။

အဲဒီ ရွာတွေကို လတ်တလောမှာပဲ တာချီလိတ်မြို့က လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်လေ့လာစစ်ဆေးခဲ့ပါတယ်။
ရွာအနီးအနားက ချောင်းကတော့ တိမ်ကောသွားပြီလို့ ဒေသခံတွေက ဆိုပါတယ်
ဒေသခံတွေထဲမှာ တချို့က သူတို့နစ်နာမှုတွေအတွက် ကုမ္ပဏီက ပေးတဲ့ လျော်ကြေးငွေတွေလည်း ရနေပြီး ပျက်စီးမှုတွေကို ကုမ္ပဏီက လာပြုပြင်ပေးနေတဲ့အတွက် ဆက်လုပ်စေချင်တယ် မတိုင်ချင်ကြဘူးလို့ ပြောသလို တချို့ကလည်း စီမံကိန်းဖျက်သိမ်းပေးရေးအတွက် တောင်းဆိုနေတာတွေ့ရတယ်လို့ တာချီလိတ်မြို့ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဘီဘီစီကို ပြောပါတယ်။

မိုးရွာရင် ရေဝင်တယ် ဆိုတာကတော့ အရင်ကဝင်ခဲ့တာဖြစ်ပြီး လယ်ပျက်စီးမှုတွေနဲ့ အပင်တွေ ပျက်စီးမှုတွေအပေါ် ကုမ္ပဏီက တစိပ်တပိုင်းလျော်ကြေးတွေ ပေးနေတာ ရှိတယ်လို့လည်း ဦးခင်မောင်တင့်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တော့ ရွာသားတွေက မညီညွတ်တဲ့အတွက် ရွှေတူးဖော်မှုကို ပိတ်သိမ်းဖို့ ဆိုတာမျိုးထက် တွေ့ရှိချက်တွေကို အထက်ကို တင်ပြဖို့ပဲ ရှိတယ်လို့လည်း ဦးခင်မောင်တင့်က ပြောပါတယ်။

တာချီလိတ် နားဟိုင်းလုံ ဒေသမှာ ၂၀၁၀ ခုနစ်ကတည်းက ကုမ္ပဏီတခုက ရွှေတူးဖော်မှုကို လုပ်ကိုင်ခဲ့တာဖြစ်ပြီး ရွားအနီးအနားက ချောင်းကတော့ တိမ်ကောသွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
တာချီလိတ်ဒေသ ရွှေတူးဖော်မှုကြောင့် ဒေသခံ ထိခိုက် တာချီလိတ်ဒေသ ရွှေတူးဖော်မှုကြောင့် ဒေသခံ ထိခိုက် Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.