နမ့်ဆန်ကျောင်းသား ပြစ်ဒဏ် ပြန်စစ်ရန်တင်ပြ

 SNLD ကျားခေါင်းပါတီ အမတ်ရဲ့ သူရဦးရွှေမန်းကော်မရှင်ကို တင်ပြစာ
အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ နမ့်ဆန်မြို့နယ်က တအာင်း တိုင်းရင်းသား မိုင်းချိုမင်းထွေး ဖမ်းဆီး ထောင်ချခံရမှုအပေါ် ဥပဒေအရ ပြန်လည်စိစစ်သုံးသပ်နိုင်ဖို့အတွက် သူရဦးရွှေမန်း ဦးဆောင်နေတဲ့ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်ဆီကို လိပ်မူပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းအုံးကျော်က စာပေးပို့လိုက်ပါတယ်။

မိုင်းချိုမင်းထွေး ဖမ်းဆီးခံရတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ နေရာဖြစ်ပြီး ပြည်သူလူထုဟာ အကြောက်တရားနဲ့ နေထိုင်နေရ တဲ့အတွက် နိုင်ငံတော်အနေနဲ့ ပြည်သူကို အကာကွယ် ပေးဖို့ တာဝန် ရှိတယ်လို့လည်း တင်ပြစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခ ဒေသတွင်းမှ ကလေးသူငယ်တွေကို အကာအကွယ် ပေးရေး အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဆုံးဖြတ်ချက်အမှတ် (၁၈၁၂) ကိုထုတ်ပြန် ထားတဲ့အတွက် နိုင်ငံတော်အနေနဲ့ တိုင်းရင်းသား တွေနဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အလေးထားတဲ့ အနေနဲ့ တအာင်းကျောင်းသား မိုင်းချိုမင်းထွေး မတရား ထောင်ဒဏ်ချမှတ်မှု အပေါ် ပဋိပက္ခဒေသမှာ နေထိုင်ရတဲ့ ကလေးသူငယ်တွေရဲ့ အခက်အခဲကို စာနာ နားလည်ပြီး ပြန်လည်စိစစ်ပေးဖို့ အကူအညီတောင်းခံ တင်ပြအပ်ပါတယ်လို့ တင်ပြစာမှာ ဖော်ပြထားပါတယ်။

မိုင်းချိုမင်းထွေးဟာ အောက်တိုဘာလ ၅ ရက်နေ့က တအာင်းပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ နမ့်ဆန်မြို့ပြင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ မိုဘိုင်းဖုန်းထဲမှာ TNLA နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေ့ရှိတယ်ဆိုကာ တပ်ထဲမှာ ၇ ရက် ထိန်းသိမ်း စစ်ဆေးခဲ့ပြီးနောက် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

တရားစွဲဆိုတဲ့နေ့မှာပဲ နမ့်ဆန်မြို့နယ် တရားသူကြီးက ထောင်ဒဏ် ၂ နှစ် ချမှတ် ခဲ့ကာ ကလေးသူငယ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းမှာ ထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
နမ့်ဆန်ကျောင်းသား ပြစ်ဒဏ် ပြန်စစ်ရန်တင်ပြ နမ့်ဆန်ကျောင်းသား ပြစ်ဒဏ် ပြန်စစ်ရန်တင်ပြ Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.