မြန်မာအိမ်ဖေါ် ထိုင်းမှာ အသတ်ခံရဟု မိသားစုပြောကြား


ထိုင်းနိုင်ငံမှာ အိမ်ဖေါ်အဖြစ်လုပ်ကိုင်ရင်း သေဆုံးခဲ့တဲ့ မြန်မာ မိန်းကလေးတဦးရဲ့ မိသားစုက အဲဒီ မိန်းကလေးဟာ အိမ်ရှင်ပြောသလို သူ့ကိုယ်သူ သတ်သေသွားခဲ့တာ မဟုတ်ပဲ သတ်ဖြတ်ခံခဲ့ရတာလို့ ယုံကြည်ကြောင်း ထိုင်းအစိုးရမှုခင်းတိုက်ဖျက်ရေးဌာနကို တိုင်တန်းထားပါတယ်။

ထိုင်းနိုင်ငံ ရချာဘူရီပြည်နယ်က နေအိမ်တခုမှာ အခုသေဆုံးသွားခဲ့တဲ့ မြန်မာ မိန်းကလေး အသက် ၁၇ နှစ်ရှိ Wan Papiaw ဝမ် ပါပရောနဲ့ အသက် ၂၂ နှစ်ရှိ Lu Kwa လူးခွားတို့ ညီအစ်မ၂ ဦး အိမ်ဖေါ်အဖြစ် လုပ်ကိုင် ခဲ့ကြရာကနေ့ သြဂတ် ၆ ရက်နေ့မှာ အိမ်ရှင်ရဲ့အနိုင်ကျင့်မှုကို မခံနိုင်တော့တဲ့ လူခွား ထွက်ပြေးသွားခဲ့ပါတယ်။ နောက်တနေ့မှာ ကျန်ရစ်တဲ့ သူ့နှစ်မ ဝမ် ပါပရော ဟာ သူ့ကိုယ်သူ အိမ်ရှင်ရဲ့သေနတ်နဲ့ပစ်ပြီး သတ်သေသွားပြီ လို့ သက်ဆိုင်ရာရဲစခမ်းက ပြောပါတယ်။ လူးခွားက သူ့ညီမဟာ ဘယ်လိုနည်းနဲ့မှ သေကြောင်းကြံစီတာ မဖြစ်နိုင်ပဲ အသတ်ခံရတာဖြစ်မယ်လို့ ပြောပါတယ်။ သူ့ညီမလေးဟာ အိမ်ရှင်ပိုင်တဲ့ အဲဒီ ပစ္စတိုသေနတ်ကို ရရှိဖို့မလွယ်သလို ဘယ်လို ကိုင်တွယ် ပစ်ခတ်ရမှန်းလည်း မသိပါဘူးလို့ ပြောပါတယ်။

ဘန်ကောက်ရှိ မြန်မာသံရုံး အလုပ်သမား အရာရှိ ဦးအောင်ကိုသန်းက ဝမ်ပါပရောဟာ ဘယ်သန်ဖြစ်ပြီး အခု သေနတ်ဒဏ်ရာက သူမရဲ့ ညာဖက်နားထင်မှာဖြစ်ကြောင်း၊ နောက်ပြီး မှုခင်းဖြစ်ပွားရာနေရာမှာ ကျည်ဆံခွန် ၂ ခုတွေ့ရှိရတဲ့အချက်ကလည်း အဲဒီ မိန်းကလေးဟာ ဘယ်လိုနည်းနဲ့ သူ့ကိုယ်သူ သေနတ်နဲ့ ၂ ချက်ပစ်နိုင်မှာလဲ ဆိုတာ မေးခွန်းထုတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ မှုခင်းဖြစ်ရာမှာ မူလတွေ့ရှိရတဲ့ သေနတ်က အနက်ရောင်ဖြစ်ပေမယ့် ရဲတပ်ဖွဲ့က နောက်ပိုင်းတင်ပြတဲ့မှတ်တမ်းမှာ ငွေရောင်အဖြစ် ဖေါ်ပြ ထားကြောင်း၊ ဒါ့အပြင် ကလေးမရဲ့အလောင်းကို ရဲတပ်ဖွဲ့က လုပ်ထုံးစည်းကမ်းနဲ့ အညီစစ်ဆေးခဲ့ခြင်း မရှိကြောင်း နဲ့ သက်ဆိုင်ရာ Ban Pong ဘန်ပေါင်ရဲစခန်းက စစ်ဆေးသူတွေကို မြန်မာသံရုံးက ဆက်သွယ် မေးမြန်းခဲ့ရာမှာလည်း အဖြေမရခဲ့ကြောင်း သံရုံးအရာရှိကပြောပါတယ်။

မိန်းကလေးမိသားစုရဲ့ အခု တိုင်တန်းမှုကိုစစ်ဆေးရေးအတွက် သေမှုဖြစ်ပွားရာဒေသကို မှုခင်းစစ်အဖွဲ့ စေလွှတ်မယ်လို့ ထိုင်းရဲတပ်ဖွဲ့ အရာရှိတဦးက ပြောဆိုကြောင်း Bangkok Post သတင်းစာကဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာအိမ်ဖေါ် ထိုင်းမှာ အသတ်ခံရဟု မိသားစုပြောကြား မြန်မာအိမ်ဖေါ် ထိုင်းမှာ အသတ်ခံရဟု မိသားစုပြောကြား Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.